မကွေး၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မသန်စွမ်းသူများအား COVID - 19 စီးပွားရေး ထိခိုက်မှု သက်သာရေးအစီအစဉ်အရ ငွေကြေး ထောက်ပံ့ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လွှဲပြောင်းပေးအပ်

 နေပြည်တော်၊ ၄.၉.၂၀၂၀
    မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထောက်ပံ့မှု တစ်ကြိမ် မရရှိသေးသော မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရ၏ COVID - 19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပါဝင်ဆောင်ရွက်ကြပြီး မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မသန်စွမ်းသူများအသင်းတာဝန်ရှိသူများနှင့် မသန်စွမ်း သူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
    ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးက COVID - 19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်သည် COVID - 19 ကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်ဆုတ်ယုတ်မှုများ တတ်နိုင်သမျှနည်းပါးအောင် လျော့ချသည့်အစီအစဉ်ဖြစ်ကြောင်း၊ ထိုအစီအစဉ်များဖြင့် လိုအပ်သူ များအား ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူတိုင်းအခြေခံလူ့အခွင့်အရေးခံစားရရှိရေး အတွက် အာမခံပေးနိုင်သည့် စစ်မှန်သည့်ဒီမိုကရေစီအစိုးရဖြစ်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အစိုးရစတင်တာဝန်ယူချိန်မှစ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည်စမှ သက်ကြီးရွယ်အို အထိ အခြေခံလူ့အခွင့်အရေးရရှိအောင် ဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ စီမံချက်များဖြင့်ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေကို ခေတ်စနစ်နှင့်ညီအောင် (၂၀၁၈) ခုနှစ်တွင် ပြန်လည်ချမှတ်ခဲ့ ကြောင်း၊ ကလေးသူငယ်များဟာ ပြုစုစောင့်ရှောက်မှု၊ ဖွံ့ဖြိုးမှုများအပြင် ကာကွယ်စောင့်ရှောက်မှုပါ လိုအပ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) ကို အသစ်ပြဌာန်းခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် လူငယ်ကဏ္ဍအတွက် လူငယ်ရေးရာမူဝါဒကို ဖော်ဆောင်ပြီး ယခုအခါ မဟာဗျူဟာစီမံချက်ကို ချမှတ်နိုင်၍ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ယနေ့ဆောင်ရွက်သည့် မသန်စွမ်းသူများ အတွက် ဥပဒေရှိပြီးဖြစ်ရာ မသန်စွမ်းသူများ၏အခွင့်အရေးကို ထိရောက်စွာဖော်ဆောင်နိုင်ရန် နည်းဥပဒေကို  အမြန်ဆုံးဖော်ဆောင်ခဲ့ပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့်‌ ကော်မတီများထပ်မံဖွဲ့စည်းကာ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မသန်စွမ်းတစ်ဦးချင်းစီ၏ အခွင့်အရေးကိုအပြည့်အဝဖော်ဆောင်ရန်ကြိုးပမ်းနေပါကြောင်း၊ သက် ကြီးရွယ်အိုဥပဒေပေါ်ပေါက်ပြီးဖြစ်၍ ဥပဒေကိုလက်တွေ့အကောင်အထည်ဖော်နိုင်ရန် အစိုးရသစ် လက်ထက်တွင် လူမှုရေးပင်စင်ကိုစတင်နိုင်ခဲ့ကြောင်း၊ ဤအောင်မြင်မှုများ ခိုင်မာတိုးတက်အောင် အခြေခံလူ့အခွင့်အရေးကို အာမခံသည့် စစ်မှန်သောဒီမိုကရေစီအစိုးရ ဖြစ်လာစေရန် ဒီမိုကရေစီ ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းလျက်ရှိပါကြောင်း၊ ပြည်သူ့အစိုးရက ပြည်သူအတွက် ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရန် ထာဝရငြိမ်းချမ်းရေးကို ဦးတည်လျက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ သို့မှသာ စစ်မှန်သည့်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ရာ၌ COVID - 19 ကာလတွင် သာမန်ထက်ပို၍ အခက်အခဲရှိသော ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းသူ များနှင့် သက်ကြီးရွယ်အိုများကို အစိုးရ၏ CERP ဖြင့် ထောက်ပံ့ခြင်းသည် ခံစားရရှိသင့်သည့် အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့မှုများသည် ငွေကြေး အမြောက်အများသုံးစွဲရပါကြောင်း၊ ထိုကဲ့သို့ ဒေသတစ်ခုအတွင်းသို့ ငွေကြေးစီးဆင်းမှုများပြားခြင်း သည် ဤဒေသအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ COVID– 19 ကြောင့် စီးပွားရေးထိခိုက်မှုများ လျော့ပါးသက်သာလာစေနိုင်မည်ဖြစ်ကြောင်း၊ COVID – 19  ကာလတွင် မိမိတို့၏ ဆောင်ရွက်ရမည့် လုပ်ငန်းယန္တရားများရပ်တန့်မသွားအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြသည့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ လူမှုရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက  မသန်စွမ်းသူ (၁၁,၂၂၄) (တစ်သောင်း တစ်ထောင် နှစ်ရာ နှစ်ဆယ့်လေး) ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၃၆,၇၂၀,၀၀၀) (သိန်းသုံးထောင် သုံးရာ ခြောက်ဆယ့် ခုနှစ်သိန်း နှစ်သောင်း) ကို လူမှုရေးဝန်ကြီး ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းနောက် လူမှုရေးဝန်ကြီးက အခမ်းအနားသို့ ကိုယ်တိုင် ပါဝင်တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်းရှိ မသန်စွမ်းသူများ အား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါသည်။
    ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၁၉,၆၇၂) (တစ်သောင်း ကိုးထောင် ခြောက်ရာ ခုနှစ်ဆယ့်နှစ်) ဦး အတွက် ထောက်ပံ့ငွေကျပ် (၅၉၀,၁၆၀,၀၀၀) (သိန်းငါးထောင် ကိုးရာ့ တစ်သိန်း ခြောက်သောင်း) ကို လူမှုရေးဝန်ကြီးထံသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၁၅,၅၄၃) (တစ်သောင်း ငါးထောင် ငါးရာ လေးဆယ့်သုံး) ဦး တို့အတွက် ထောက်ပံ့ငွေကျပ် (၄၆၆,၂၉၀,၀၀၀) ( သိန်းလေးထောင် ခြောက်ရာ ခြောက်ဆယ့် နှစ်သိန်း ကိုးသောင်း)ကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြရာ ထောက်ပံ့မှုများအတွက် တိုင်းဒေသကြီးအသီးသီးမှ မသန်းစွမ်းသူများက ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter