အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး အဖွင့်အမှာစကားပြောကြား

၂၅-၁၁-၂၀၂၀၊ နေပြည်တော်
    အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာနတွင်ကျင်းပရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ United Nations Resident Coordinator and Humanitarian Coordinator, Mr. Ola Almgren၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အစိုးရဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်ကစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာ လှုပ်ရှားမှု အခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ၏ ၅၁.၈၁% သည် အမျိုးသမီးများဖြစ်ကြောင်း၊ ထက်ဝက်ကျော် မကသော အမျိုးသမီးထုကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်း များသည် နိုင်ငံသားများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံသားများအားလုံးကို အကာအကွယ် ပေးခြင်း ဆောင်ရွက်ရာတွင် သက်ရောက်မှုရှိကြောင်း၊မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သလို အာဆီယံ အမျိုးသမီးကော်မတီ၊ ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံလည်းဖြစ်ကြောင်း၊ အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းအစီအစဉ်တွင်လည်း ကျန် အာဆီယံနိုင်ငံများနည်းတူ ပါ၀င်၍ အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကာလလတ် ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ (၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ကျား/မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထိုမဟာဗျူဟာစီမံကိန်းသည်  ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ပြောင်းလဲတိုးတက် ဖြစ်ပေါ်မှုအဆင့်(၂)ကို ကြိုတင်ရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ရာ အားလုံးပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် တိုက်တွန်းသတိပေးလိုကြောင်း၊
    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲပြီးဖြစ်ရာ အကောင်အထည်ဖော်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု များကို သတင်းပို့တိုင်ကြားနိုင်ရေး အတွက် (၂၄) နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်က စတင်ထူထောင်ထားရှိခြင်း၊  အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေး ဝမ်းကြောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊  အခြားသော ဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက် ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယားနှင့် မုံရွာမြို့တို့တွင် One Stop Women Support Ceter များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) (၂၅၀) ဦးဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
    လက်ရှိကာလတွင် COVID-19 ကပ်ရောဂါကြောင့် ပြည်သူများအနေဖြင့် အိမ်တွင်း နေထိုင်ရ သောအချိန် ပိုမိုများပြားလာသည့်အတွက် မိသားစုနွေးထွေးမှုကို ပိုမိုဖန်တီးနိုင်ကြသလို တစ်ဖက်တွင်လည်း စားဝတ်နေရေးအပါအ၀င် အခြားသောအခက်အခဲများကြောင့် စိတ်ဖိစီးမှုများ ခံစားနေကြရပြီဖြစ်ကြောင်း၊ ယခုနှစ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေ ထားရှိလို့ အချက်အလက်ကောက်ယူစို့” ဖြစ်ကြောင်း၊ လက်ရှိအခြေအနေများတွင် အိမ်တွင်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု မှန်းဆရကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အထောက်အထားအချက်အလက်များ ရှာဖွေစုဆောင်းကြရန်နှင့် သုတေသနရလဒ်များ ထွက်ပေါ် လာပါက ပိုမိုတိကျစွာ သိရှိနိုင်ပြီး၊ တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ COVID-19 ရောဂါကာလအတွင်း ပြည်သူများ ခံစားနေရသည့် စိတ်ဖိစီးမှုများ လျော့ကျ စေရန်နှင့် စိတ်ပိုင်းဆိုင်ရာမြှင့်တင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Hot Line များ ထားရှိပြီး ဝန်ဆောင်မှုပေးခြင်းများဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိဖြစ်ပွားလျက် ရှိသည့် အခြေအနေများကိုသုံးသပ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ် ရေးလုပ်ငန်းများကို လက်တွေ့အထောက်အကူပြုလျက် ရှိကြောင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီး တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ပိုမိုထောက်ပံ့ပေးရန်၊ ကျား/မ အခြေပြုအကြမ်းဖက်ခံရသူများအတွက် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများ ရရှိနိုင်ရန်၊ တားဆီးကာကွယ်ရန်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် အထောက်အထားများအဖြစ် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များ ကောက်ယူ ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အချက်အလက်အမှန်များ ရရှိရန်နှင့် လိုအပ်ချက်များ ဖော်ထုတ်နိုင်ရန် ပူးပေါင်းအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊
    မြန်မာနိုင်ငံတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ကျား/မ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေး၊ ဒိမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒ များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကိုယ်၀န်ဆောင်များအပါအ၀င် အမျိုးသမီးများ ဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ ပြဌါန်းပေးရေးတို့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများ အဖြစ် အတည်ပြုချမှတ်ထားပြီး ဖြစ်ကြောင်း၊ ထိုအချက်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် မူဝါဒများ၊ လုပ်ငန်းစီမံကိန်းများ ချမှတ်ဖော်ဆောင်လျက်ရှိသလို ဥပဒေရေးရာကဏ္ဍအနေနှင့်လည်း ရှိရင်းစွဲဥပဒေများ၌ ပြန်လည် ပြင်ဆင်ရန်လိုအပ်ပါက ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းရန် လိုအပ်ပါက အသစ်ပြဋ္ဌာန်း ခြင်းများဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးနိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ် ရေးဥပဒေကို ရေးဆွဲထားရှိပြီး လွှတ်တော်အတွင်း ဆွေးနွေးမှုများဆောင်ရွက်ပြီးပါက ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊
    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရန် ပြည်သူလူထု ကိုဗဟိုပြုပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိကြောင်း၊ ကျား/မဆိုင်ရာ တန်းတူညီမျှမှုအတွက် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀)ရာခိုင်နှုန်းပါ၀င်ရေးကို အားပေးရန်လည်း ပြည်ထောင်စုသဘောတူစာချုပ် နိုင်ငံရေးကဏ္ဍ အခြေခံမူသဘောတူညီချက်တွင် ထည့်သွင်းထားရာ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းစဉ်များသည် အရေးကြီး လာပါကြောင်း၊  နယ်စပ်ဒေသ တိုင်းရင်းသားအမျိုးသမီးများပါမကျန် အမျိုးသမီးများအားလုံး သာတူညီမျှ ဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိစေရေး မိမိတို့နှင့်အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက် လျက်ရှိကြသော အဖွဲ့အစည်းများအနေဖြင့် ယခုထက် ပိုမိုပြီး တိုးမြှင့်ဖော်ဆောင် သွားကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် UN Resident Coodinator ဖြစ်သူ Mr. Ola Almgren က နှုတ်ခွန်းဆက် စကားပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ဗီဒီယိုများကို ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter