ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခြင်း

နေပြည်တော်၊ ၁၅.၁၂.၂၀၂၀
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် (၁၉) ကြိမ် မြောက်အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် virtual ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။
    ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ အစည်းအဝေး (19th ACW Meeting) နှင့် (၇) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင်-အာဆီယံအမျိုးသမီး ကော်မတီ (7th ACWC-ACW Consultation Meeting) အစည်းအဝေး ၏ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (Secretary of State) H.E Kheng Samvada (Mrs.) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘရူနိုင်းဒါရုဆလာမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန် Mme. Dayang Saidah binti Haji Wahid က ၂၀၁၉-၂၀၂၀ ပြည့်နှစ် ကာလများအတွင်း အာဆီယံ အမျိုးသမီးကော်မတီ၏ အောင်မြင်မှုများ၊ တိုးတက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ACW Workpaln 2016-2020 စီမံချက်များအရ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ လာမည့် ACW Work Plan 2021-2025 ရေးဆွဲ စီစဉ် ဆောင်ရွက်မှုများ၊ (၁၈) ကြိမ်မြောက် ACW အစည်းအဝေး၊ (၃၆) ကြိမ်မြောက်နှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအပါအဝင် အခြားသောအာဆီယံ အစည်းအဝေးများတွင် ချမှတ် ခဲ့သည့်ဆုံးဖြတ်ချက်များကို အကျဉ်းချုံးဆွေးနွေးတင်ပြခြင်း၊ အမျိုးသမီးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသည့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် AWEN ၊ ACWO ၊ UNWOMEN နှင့် ASEAN-USAID PROSPECT တို့က ACW နှင့်ပူးပေါင်းဆောင်ရွက်မှုနှင့် ၎င်းတို့၏ လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
အဖွင့်မိန့်ခွန်းများနှင့် Statement များတွင် အာဆီယံဒေသတွင်း လုပ်ငန်းစီမံချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကျား-မတန်းတူညီမျှရေး၊ အမျိုးသမီးများ၏ဦးဆောင်မှုတိုးမြှင့်ရေး၊ ကျား-မရေးရာ ထည့်သွင်းစဉ်းစားရေး၊ အမျိုးသမီးများအတွက် စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ် အသီးသီးကို Covid – 19 ကာလနှင့် ကာလလွန် (post-pandemic) အတွက်ပါ စီစဉ်ဆောင်ရွက်ရေး တို့ကို ရှင်းလင်းပြောကြားသွားပါသည်။
(၇) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင်-အာဆီယံအမျိုးသမီးကော်မတီ (7th ACWC-ACW Consultation Meeting) အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အာဆီယံအမျိုးသမီး အခွင့်အရေးများ ဆိုင်ရာကိုယ်စားလှယ်၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့်ကာကွယ် စောင့် ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ ဒေါ်မေယဉ်ထွန်းလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။
၁၆-၁၂-၂၀၂၀ ရက်နေ့တွင် (၁၂) ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီနှင့်အပေါင်း သုံးနိုင်ငံများ အစည်းအဝေး၊ အာဆီယံဒေသတွင်း အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံရေးပါဝင်ဆောင်ရွက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် Web Forum on Care Matters: Addressing Unpaid Care and Domestic Work in ASEAN Countries  တို့အား ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး  အာဆီယံ ဒေသတွင်း အမျိုးသမီးများ၏နိုင်ငံရေးပါဝင်ဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် ကြီးကြပ် ဆောင်ရွက်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ Plenary Session များ၊ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter