လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌  Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြော ကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲ များတက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ဌာနေကိုယ်စားလှယ်တို့က သက်ဆိုင်ရာနေရာများမှ Zoom Application ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့ ၍အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ရေးဆွဲ အတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကနဦးညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကဏ္ဍတစ်ခုချင်းစီတွင် လုပ်ငန်းစဉ်များ၊ စီမံချက်များ၊ အဆင့်အဆင့်သော ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များကို ဖော်ထုတ်ထားရှိပြီး သတ်မှတ်အချိန်ကာလနှင့် ဆောင်ရွက်ပြီးစီး အောင်မြင်မှုကို တိုင်းတာနိုင်သော အညွှန်းကိန်းများပါ ထည့်သွင်းထားပြီးဖြစ်ရာ လူငယ်များကိုယ်တိုင်ပါဝင်လျက် လက်တွေ့ အပြောင်းအလဲများ ဖြစ်အောင် ဖော်ဆောင်နိုင်ခွင့်ရရှိနေသည့် အခြေအနေနှင့် လူငယ်တစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဘဲ အားလုံးပူးပေါင်းပါဝင်နိုင်ခွင့်ရရှိ၍ ဘက်ပေါင်းစုံက ပံ့ပိုးကူညီထောက်ပံ့ လက်တွဲ ဖော်ဆောင်ကြပြီး လူငယ့်ရေးရာ မူဝါဒဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို အကောင်အထည် ဖော်ရာ၌ ကြုံတွေ့ရမည့် အခက်အခဲများတွင် ယနေ့ကြုံတွေ့နေရသော ကိုဗစ်-၁၉ဆိုင်ရာ စိန်ခေါ်မှုများ ကိုလည်း ထည့်သွင်းစဉ်းစား၍ ရင်ဆိုင်ကျော်လွှားရေးကို ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာ စီမံချက်ကို အကောင်အထည်ဖော်ရာတွင် ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ကို ပေါက်မြောက်အောင် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ညီညွတ်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤမဟာဗျူဟာစီမံချက်သည် လူငယ်များ၏ အနာဂတ်အတွက် လူငယ်ရေးရာမူဝါဒ၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြည့်မီရန် စစ်မှန်သော လမ်းကြောင်း များဖြင့် လမ်းခင်းပေးလိုက်ခြင်း ပင်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ ကော်မတီဝင်များအားလုံး အနေဖြင့် ဤမဟာဗျူဟာစီမံချက်ကို သေချာစွာ လေ့လာဖတ်ရှု သုံးသပ်ရန်လိုအပ်ပြီး မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ကဏ္ဍ၊ မည်သည့်ပုံစံဖြင့် ပါဝင်ရမည်ကို စဉ်းစားသုံးသပ် ရမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် လာမည့်နှစ်ကာလများတွင် မိမိတို့နိုင်ငံ ဖြစ်ပေါ်ပြောင်းလဲ လာမည့် အခြေအနေများကို ပုံဖော်မည့် ပန်းပုဆရာများသဖွယ်ဖြစ်ပြီး လူငယ်များအနေဖြင့် နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ရာ၌ ရှေ့သို့မျှော်မှန်းတွေးဆသည့် အမြင်များ၊ မျှတသော စဉ်းစားဆင်ခြင်ခြင်းနှင့် ဆုံးဖြတ်ခြင်း များဖြင့် ဆောင်ရွက် ကြစေလိုပါကြောင်း။
ဤမဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာ၌ တစ်ချိန်တည်းတွင် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများနှင့် အရည်အသွေးမြှင့်တင်မှု ဆွေးနွေးပွဲများကို စနစ်တကျ လုပ်ငန်းမူဘောင် (framework) များချမှတ်ကာ ပုံမှန်ဆက်လက် ပြုလုပ်သွားစေ လိုပါကြောင်း၊ ဤမဟာဗျူဟာစီမံချက်သည် နိုင်ငံတော် ဘက်စုံတိုးတက်မှုအတွက် လွန်စွာအရေးကြီးသည့် အဓိကရေသောက်မြစ်သဖွယ်ဖြစ်ပြီး သက်ဆိုင်သူတာဝန်ရှိသူများအားလုံးအနေဖြင့် ဤမဟာဗျူဟာ စီမံချက်၏ နိုင်ငံတော်အတွက်အရေးပါမှုကို အားလုံးက သိရှိနားလည်ကြရန်လိုအပ်ပါကြောင်း။
မဟာဗျူဟာစီမံချက်၏ ရည်မှန်းချက်များ ရရှိအောင်မြင်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များသည် လက်တွေ့မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ နေရာဒေသအသီးသီး၏ အခြေအနေများသည် တူညီမှု မရှိသဖြင့် နေရာဒေသတစ်ခု၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီ ဆောင်ရွက်သည့် လုပ်ငန်းနည်းဗျူဟာနှင့် လုပ်ငန်းစဉ်များသည် အခြားနေရာဒေသတစ်ခုနှင့်ကွဲပြားမှု ရှိနိုင်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များအကြား ကွန်ရက်ချိတ်ဆက်မှုများကို ပိုမိုတောင့်တင်း ခိုင်မာစေလိုပြီး လူငယ်များအချင်းချင်း ပံ့ပိုးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများနှင့် နည်းဗျူဟာများအား ဝေမျှခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊ မဟာဗျူဟာ စီမံချက်တွင်ပါဝင်သော အညွှန်းကိန်း (indicator) များအတွက် လိုအပ်သော အချက်အလက် (data) များ အမှန်တကယ်ရရှိနိုင်ရေးအတွက် ကိုလည်း သုံးသပ်ဆောင်ရွက် စေလိုပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင် မဟာဗျူဟာစီမံချက်တွင် ပါဝင်သည့် လုပ်ငန်းများအား မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သည်၊ လုပ်ဆောင်ပြီးစီးနိုင်သည်နှင့် လုပ်ငန်းဆောင်ရွက်ချိန်တွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအား သိရှိစေနိုင်ရန်အတွက် စောင့်ကြည့် အကဲဖြတ်မှု စာရင်းပုံစံ (monitoring checklist) များဖြင့် သုံးသပ်စေလိုပါကြောင်း၊ ထို့ပြင် လုပ်ငန်းအခက်အခဲ၊ စိန်ခေါ်မှုများအား ကျော်လွှားဖြေရှင်းနိုင်ရေး အတွက် အသုံးချသုတေ သနများကိုပါ တွဲဖက်ဆောင်ရွက် စေလိုပါကြောင်း။
မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်မှု ဆန်းစစ်သုံးသပ်ခြင်း (evaluation) အငယ်စားများကိုလည်း (၆) လခန့်လျှင်တစ်ကြိမ် လုပ်ဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဘက်စုံဆန်းစစ်သုံးသပ်မှုကို (၂) နှစ်ခန့်လျှင် တစ်ကြိမ်လုပ်ဆောင်စေလိုပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း (monitoring and evaluation) များမှ တွေ့ရှိချက်များနှင့် ကိုက်ညီပြီး ပြောင်းလဲနေသည့် အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေစွာဖြင့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များကို မွမ်းမံပြင်ဆင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဤမဟာဗျူဟာစီမံချက် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍမှ အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် အတွက်လည်း တာဝန်ယူဆောင်ရွက်မည့် အဖွဲ့ငယ်တစ်ခုဖွဲ့စည်းထား ရှိမည်ဖြစ်ပါကြောင်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်ရေးရာ ကော်မတီဝင်များအနေဖြင့် ဤမဟာဗျူဟာစီမံချက်၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက် များအောင်မြင်စေရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဆက်လက်ဆောင်ရွက်ကြ စေလိုပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်များ၌ ပါဝင် ဆောင်ရွက်လျက်ရှိသော လူငယ်များ အား အထူးကျေးဇူးတင်ရှိပြီး နိုင်ငံ၏ အရေးကိစ္စများနှင့် ပြည်သူများ၏ အကျိုးတို့အတွက် လုပ်ငန်းများတွင် ဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ Video Message ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသော အချက်များတွင် ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းများအားလုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး လူငယ်များ၊ တိုင်းရင်းသားလူငယ်များအားလုံးဖြင့် လက်တွဲပူးပေါင်း ညီညွတ်စွာဖြင့် ယခုစီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
ယခု အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်သည် တိုင်းရင်းသားလူငယ်များ၏ အနာဂတ်၊ ဂုဏ်သိက္ခာ မြှင့်မားနိုင်ရေးအတွက် ရေးဆွဲထားခြင်းဖြစ်ပြီး လက်တွေ့ကျကျ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်၊ တိုင်းရင်းသားလူ ငယ်များ အားလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး၏ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်ပါကြောင်း။
ကျန်းမာရေး၊ အာဟာရနှင့် အရည်အသွေးရှိသည့်ပညာရေးသည် များစွာအရေးကြီး ပါကြောင်း၊ လူငယ်များ၏ ဘဝကိုမြှင့်တင်ပေးနိုင်ရန် ဆိုသည်မှာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ပြောကြားသွားသည့်အတိုင်း လူငယ်များအားလုံးသည် ကိုယ်ချင်းစာစိတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမဆောင်ရွက်တတ်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်တတ်ရန် အရေးကြီး သကဲ့သို့ တာဝန်ယူ၊ တာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်ရန်နှင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိမှသာ အလုပ်ဟူသမျှကောင်းစွာလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ထို့ကြောင့် အလုပ်အကိုင် ကောင်းကောင်းရရန် လူငယ်များ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်အရေးကြီး ပါကြောင်း။
သင်ယူခြင်းသည် ရတနာသိုက်ဖြစ်သည့်အတွက် ခေတ်နှင့်လိုက်လျောညီထွေဖြစ်သည့် ကျွမ်းကျင်မှုများနှင့် စွမ်းရည်ရရန်မှာ တစ်သက်တာ သင်ယူမှုအတွက် များစွာအရေးကြီး ပါကြောင်း၊ တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများအတွက် လူငယ် များကို ၂၁ ရာစု၏ ကျွမ်းကျင်မှုများ၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များဖြင့် လက်တွေ့ကျကျ မဟာဗျူဟာ စီမံချက်ကို ညီညီညွတ်ညွတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ ယခုမဟာဗျူဟာ စီမံချက်တွင် ဖော်ပြထားသည့် Key Performance Indicator များကို ပြည့်မီအောင် ဆောင်ရွက်ပေးခြင်းသည် လူငယ်များအတွက် အနာဂတ်လှပအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် ယင်းတို့ကို ဆောင်ရွက်သည့်အခါတွင် အားလုံးညီညွတ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ပြည်ထောင်စုကြီးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် တိုင်းရင်းသားလူငယ်အားလုံး ညီညီညွတ်ညွတ် ရိုးသားကြိုးစား စွာဖြင့် တစ်သက်တာပေါင်းစပ် သင်ယူမှု အခွင့်အလမ်းများကို ၂၁ ရာစု၏ ကျွမ်းကျင်မှု၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များကို မြှင့်တင်၍ အနာဂတ်လှပသည့် တိုင်းရင်း သားလူငယ်များဖြစ်ကြပါစေဟု ဆုမွန်ကောင်း ပို့သလိုက်ရပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ (UNFPA)မှ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင်များဖြစ်ကြသည့် ကိုမျိုးသူစိုးနှင့် ကိုဝေယံထွန်းတို့ထံ လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)စာအုပ်ကို လွဲပြောင်းပေးအပ် သည်။
ထို့နောက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ရေးဆွဲခြင်းမှတ်တမ်း Video Clip  ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

FacebookTwitter