ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းများနှင့် ကလေးပြုစုရေးဌာနသို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ကြည့်ရှုစစ်ဆေး

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်သွေးရတနာမူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နေပြည်တော်ကလေးပြုစုရေးဌာနနှင့် အမျိုးသားလွှတ်တော်မူလတန်းကြိုကျောင်းတို့ကိုသွားရောက်၍ ကလေးငယ်လေးများအား သင်ကြားလေ့ကျင့်နေမှု၊ ကျွေးမွေးစောင့်ရှောက်နေမှု၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် အခြေအနေနှင့် သင်ယူရာနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းများတွင် ကလေးငယ်များ၏ ကျန်းမာရေးအတွက် အာဟာရပြည့်ဝစွာကျွေးမွေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် ကလေးငယ်များအတွက် နေ့လယ်စာနှင့်ဖြည့်စွက်အာဟာရတို့ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးရာတွင် သန့်ရှင်းမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယင်နားစာများမဖြစ်ပေါ်စေရေး သတိပြုဆင်ခြင်ရမည်ဖြစ်ပြီး မိဘများကိုလည်း အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ကလေးငယ်များအနေဖြင့် အစာမစားမီ၊ အစာစားပြီး၊ ရေအိမ်ဝင်ပြီးချိန်နှင့် ကစားပြီးချိန်များတွင် လက်ကိုစနစ်တကျ သေချာစွာဆေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းအားကစားကွင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့တွင် တိရိစ္ဆာန်များဝင်ရောက်ခြင်းနှင့် ပိုးမွှားအန္တရာယ်ကင်းရှင်စေရေး သတိပြုဆောင်ရွက်ရန်နှင့် သန့်ရှင်းသာယာလှပရေးကို ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလေးများနှင့်တွေ့ဆုံ၍ ကလေးများ၏ ဖွံ့ဖြိုးမှုအခြေအနေနှင့် သင်ကြားနေမှုအခြေအနေတို့ကိုကြည့်ရှုပြီး ဂီတအပါအဝင်ကဏ္ဍစုံကို ကောင်းစွာသင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ ငယ်စဉ်ကတည်းက အသိပညာနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့်လူသားစွမ်းအားစုများ ဖြစ်ပေါ်စေရေးအတွက် မူကြိုအရွယ်နှင့်သင့်လျော်သည့် ပြည်သူ့နီတိ၊ ယဉ်ကျေးလိမ္မာဆုံးမစာတို့တွင်ပါဝင်သည့် လိမ္မာရေးခြားရှိမှု၊ ကိုယ်ချင်းစာတရားရှိမှုစသည်တို့ကို ကလေးများနားလည်နိုင်မှု အခြေအနေပေါ်မူတည်၍ ကဗျာ၊ ပုံပြင်၊ သီချင်းတို့ဖြင့် စနစ်တကျသင်ကြားပေးရမည်ဖြစ်ကြောင်း၊ မူကြိုအရွယ်တွင် အခြားသူများကို ဦးစားပေးတတ်သည့် အလေ့အကျင့်၊ စည်းလုံးညီညွတ်စွာ နေထိုင်တတ်သည့်အလေ့အကျင့်နှင့် မိမိကိုယ်ကိုတန်ဖိုးထားတတ်သည့် စိတ်ဓာတ်ကောင်း များရရှိစေရန် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပြီး မူလတန်းကြိုကျောင်းများသည် ကလေးများ၏ သင်ယူမှုအခွင့်အလမ်းများအတွက် အခြေခံအုတ်မြစ်များဖြစ်ပါကြောင်း၊ ကလေးငယ်များသည် အနာဂတ်နိုင်ငံ့ခေါင်းဆောင်များဖြစ်လာမည့် တိုင်းပြည်၏အဖိုးတန်ရတနာများဖြစ်ပါသဖြင့် သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စွာဖြင့် အခြေခံအလေ့အကျင့် ကောင်းများကို မိမိတို့ကလေးများ ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူလတန်းကြိုကျောင်းများနှင့် ကလေးပြုစုရေးဌာနတို့ရှိ ဝန်ထမ်းများ၊ ကလေးများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter