ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၃/၂၀၂၃)

          ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၃/၂၀၂၃) ကို ယနေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အဖွဲ့ဝင်များဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ဒုတိယသက်တမ်းကို (၁၀.၁၁.၂၀၂၂) ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို အဖွဲ့ဝင်(၂၁)ဦးဖြင့် (၂၁.၈.၂၀၂၃) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၁ -၂၀၂၂) ကို အကောင်အထည်ဖော်ပြီးဖြစ်သဖြင့် ဆက်လက်၍ (၂၀၂၂-၂၀၂၃)တွင်လည်း ဒုတိယသက်တမ်း တိုးခွင့်ပြုနိုင်ပါရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို (၆) လတစ်ကြိမ် အစီရင်ခံတင်ပြနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ၂၉.၄.၂၀၂၃ ရက်နေ့မှာ တင်ပြလမ်းညွှန်မှုခံယူခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုမှုအရ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဒုတိယသက်တမ်းကို (၁၀.၁၁.၂၀၂၂ မှ ၁၀.၁၁.၂၀၂၃ ထိ)            အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယသက်တမ်းကာလအတွင်း လုပ်ငန်းစီမံချက်လုပ်ငန်းစဉ်များကို ဒေသအဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ထည့်သွင်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌများထံသို့ ၉.၅.၂၀၂၃ ရက်နေ့မှာ အကြောင်းကြားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် အသိပညာပေးမှုများကို ဆောင်ရွက်နေပါကြောင်း၊ ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၂ ခုနှစ်၊ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဖော်ပြချက်များအပေါ် အမျိုးသားအဆင့်ကော်မတီက ၂၅.၇.၂၀၂၃ ရက်နေ့တွင် တုံ့ပြန်ချက်ထုတ်ပြန်ခြင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြည်သူများလွယ်လင့်တကူလက်လှမ်းမီသိရှိရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်ပြုစုထားရှိပြီး ဖြန့်ဝေရေး စီစဉ်လျက်ရှိပါကြောင်းနှင့် ပထမ(၆)လပတ်အစီရင်ခံစာကို ရေးသားပြုစုလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဒုတိယသက်တမ်း၏ ပထမ(၆)လပတ် အစီရင်ခံစာ အတည်ပြုရေးနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် တတိယအကြိမ်သက်တမ်း တိုးရေးကိစ္စများကို ဆွေးနွေးပေးစေလိုကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ် ၂/၂၀၂၃ ၏ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုများ၊ ၂၇.၇.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၃)၏ ဆုံးဖြတ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
     ထို့နောက် တက်ရောက်လာသူများမှ ပထမ(၆)ပတ်အစီရင်ခံစာ(မူကြမ်း)အပေါ် အကြံပြုဆွေးနွေးအတည်ပြုခြင်းနှင့် စီမံချက်ကာလတတိယသက်တမ်းတိုးရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 
 

FacebookTwitter