ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီး ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် (၁၂.၉.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များ၊ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ အဓိကအားဖြင့် ထိခိုက်လွယ်အုပ်စုများကို လူ့ဘဝတစ်သက်တာလုံး လွှမ်းခြုံမှုရှိစေရန်ရည်ရွယ်၍ ရေးဆွဲထားရှိသည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါလုပ်ငန်းစဉ်များကို ၂၀၁၄ ခုနှစ်တွင်ရေးဆွဲခဲ့ပြီး ထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူများ၏ အချက်အလက်များကို လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်စုစုပေါင်း(၁၁၈,၇၆၆) ဦးအတွက် ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်အနေဖြင့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၃၁၇၇၂) ဦးကို စက်တင်ဘာလကုန်တွင် ထောက်ပံ့နိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ဂေဟာ/ ရိပ်သာ(၃၁) ခု၊ စေတနာညကျောင်း (၂)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၀၀) ကျောင်းတို့အတွက် ထောက်ပံ့ကြေးများပေးအပ်သွားမှာဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် လူမှုရေးအကူအညီလိုအပ်သူများသည် မိမိကိုယ်မိမိ ယုံကြည်ချက်ရှိစွာ ရပ်တည်လာနိုင်ပြီး နိုင်ငံတော်အတွက် အားကိုးအားထားဖြစ်ရသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေလိုကြောင်း ပြောကြားခဲ့ပါသည်။
      အခမ်းအနားအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် နိုင်ငံရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ လူ့စွမ်းအားအရင်းအမြစ်ရဲ့အခြေခံအကျဆုံးဖြစ်သော ကလေးသူငယ်ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်စဉ်မှစ ဖွံ့ဖြိုးမှုရရှိစေရန်အတွက် လူ့ဘဝအစ ရက်(၁၀၀၀) အတွင်းက‌လေးများ ကျန်းမာ၊ ဖွံ့ဖြိုးဉာဏ်ရည်ရေးကိုရှေးရှု၍  ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကစတင်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဒါ့အပြင်အသက်(၈၅) နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစ၍ လူမှုရေးပင်စင်ထောက်ပံ့ပေးနေကြောင်း၊ ဘိုးဘွားရိပ်သာ၊ ပရဟိတဂေဟာ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ၊ စေတနာမူလတန်းညကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့မှုများကိုရပ်ရွာနဲ့တိုင်းဒေသကြီးအကျိုးအတွက် မှန်ကန်စွာဆောင်ရွက်ကြဖို့တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ထောက်ပံ့မှုများကိုစီစဉ်ပေးပါသော ပြည်ထောင်စုဝန်ကြီးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။ 
    အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ၊ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ကြေးများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ထံသို့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ထောက်ပံ့ကြေးများကို ဂေဟာ၊ ရိပ်သာ တာဝန်ခံများသို့ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ဂေဟာ/ ရိပ်သာများကိုယ်စား ဟင်္သာတဘိုးဘွားရိပ်သာမှ ဂေဟာမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
       ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အခမ်းအနားသို့ တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများကို ထောက်ပံ့ကြေးများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက် (၂) နှစ်အောက် ကလေးသူငယ်များ၊ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးစုစုပေါင်း (၆၂၇၉.၅၄၉) ကျပ်သန်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter