ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နေပြည်တော်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ အဓိကအားဖြင့် ထိခိုက်လွယ်အုပ်စုများအတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူများအားလုံး အကျုံးဝင်စေရန်၊ ခွဲခြားမှုမရှိစေရန်နှင့် အားလုံးတန်းတူညီမျှရရှိနိုင်စေရန်စသည့် မူဝါဒများဖြင့် ရေးဆွဲခဲ့ပြီး စီမံချက်အရထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အကျိုးခံစားခွင့်ရှိသူများ၏ အချက်အလက်များကို လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social Management Information System-SMIS) သို့ ထည့်သွင်းပြီး စာရွက်စာတမ်းအခြေပြုစနစ်မှသည် နည်းပညာအခြေပြု စနစ်ဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၄၉၂၂) ဦးကို  ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ဂေဟာရိပ်သာ(၁၆)ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၄) ကျောင်းနှင့် ထိခိုက်လွယ် အုပ်စုဝင်လူဦးရေ (၁၀၅) ဦး အတွက် ထောက်ပံ့ကြေးများ ပေးအပ်မှာဖြစ်ပြီး နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် လူမှုရေးအကူအညီလိုအပ်သူများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်ချက်ရှိစွာ ရပ်တည်လာနိုင်ပြီး နိုင်ငံတော်အတွက် အားကိုးအားထားဖြစ်ရသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 
    ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးက ကျေးဇူးတင် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များသည် လူမှုရေးအကူအညီလိုအပ်နေသူများအတွက် စနစ်ကျပြီး ထိရောက်သော ပံ့ပိုးမှုများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ကြေးများပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါသော ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို အကျိုးခံစားခွင့်ရှိသူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေးစုစုပေါင်း (၄၂၁.၉၅) ကျပ်သန်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ထံသို့ ပေးအပ်ခဲ့ပါသည်။ 
    ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ထောက်ပံ့ကြေးများကို ဂေဟာ၊ ရိပ်သာ တာဝန်ခံများကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဂေဟာ/ ရိပ်သာများကိုယ်စား စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဂေဟာမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter