အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း

    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို မြန်မာနိုင်ငံတွင် (၁၉၉၉)ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး ယခုနှစ် (၂၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဆောင်ပုဒ်သည် “သက်ကြီးသူများဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့” “Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations” ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများသည် လူ့အဖွဲ့အစည်းအတွက် တာဝန်ကျေခဲ့သူများဖြစ်ပြီး လက်ရှိလူမှုအဖွဲ့အစည်းများအတွက်လည်း အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများကို မျိုးဆက်သစ်များက ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် တစ်နိုင်ငံလုံး အသက်အကြီးဆုံးအဘိုးဖြစ်သူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အဘိုးဦးအောင်ထွန်း (၁၂၁)နှစ်နဲ့ အသက်အကြီးဆုံး အဘွားဖြစ်သူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်က အဘွားဒေါ်ချောယဥ် (၁၂၃)နှစ်တို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းစီကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှတစ်ဆင့်လွှဲပြောင်းပေးအပ် ဂုဏ်ပြုပြီးဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာခြင်း၊ လူ့သက်တမ်းမြင့်မားလာခြင်း၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုဦးရေမြင့်တက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ သက်ကြီးဦးရေ (၅.၂)သန်းခန့်ရှိရာမှ ပြည်သူ့အင်အားဦးစီးဌာန၏ (၁.၁၀.၂၀၂၃)ရက်နေ့ရှိ ခန့်မှန်းလူဦးရေစာရင်းအရ သက်ကြီးရွယ်အိုများဦးရေသည် (၆.၃)သန်းကျော်ထိ တိုးလာပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ၏စီးပွားရေးဆိုင်ရာမူဝါဒများ၊ လူမှုရေးဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အသိပညာအတွေ့အကြုံ ဗဟုသုတများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီသက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ  ရရှိ‌စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများအရ ဘိုးဘွားရိပ်သာများကို တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ နည်းပညာနှင့်ငွေကြေးထောက်ပံ့မှုပေးခြင်းများ ဆောင်ရွက်နေသကဲ့သို့ သက်ကြီးရွယ်အိုများ နေ့ပိုင်း‌စောင့်ရှောက်ရေးဂေဟာကိုလည်း ရန်ကုန်မြို့၌ ဖွင့်လှစ်ထားရှိပါကြောင်း၊ မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၁၄)အရ သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ်ထောက်ပံ့လျက်ရှိရာ လက်ရှိတွင်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ(၁၉၈,၇၂၁)ဦးရှိပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ၂၀၁၇ ခုနှစ်တွင်ဖွဲ့စည်းနိုင်ခဲ့ပြီး ဒေသဆိုင်ရာကော်မတီများကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အ‌ရေးများကို လူ့အဖွဲ့အစည်းတစ်ခုလုံးက ဆက်လက်ကြိုးပမ်းဖြည့်ဆည်းပေးကြရမှာဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကလည်း လူ့အဖွဲ့အစည်းအတွက် မိမိတို့၏ အသိပညာ၊ အတတ်ပညာများဖြင့် ပံ့ပိုးပေးကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်အညီ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုသက်သေခံကတ်ပြားထုတ်ပေးနိုင်ရေး၊ သင့်လျော်သော အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရေး၊ အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး၊ နေ့ပိုင်းစောင့်‌ရှောက်ရေးဂေဟာများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
     အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဘိုးဘွားများအား ဆေးဝါးပစ္စည်းနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွားများအား ဆေးစစ်ဆေးမှု (Medical Check Up)ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter