ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီးရှိ ကလေးပြုစုရေးဌာန ကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲ၊ သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခြင်းနှင့် နားမကြားသောကလေးများကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း

   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးကလေးပြုစုရေးဌာန၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းစာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးကလေးပြုစုရေးဌာန အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုပြီး အဆောက်အဦများ ရေရှည်တည်တံ့မှုရှိစေရေး စနစ်တကျထိန်းသိမ်းသုံးစွဲရန်၊ ကျောင်းအတွင်းအပြင်သန့်ရှင်းသာယာလှပ‌‌ရေးကို ဂရုတစိုက်ဆောင်ရွက်ရန်၊ စောင့်ရှောက်ထားရှိသော ကလေးများ၏ ကျန်းမာရေးနှင့်ရေရှည်ဘဝရပ်တည်‌ရေးတို့အတွက် အစီအမံများချမှတ်၍ ဆောင်ရွက်ပေးရန်၊  အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော ကလေးများအတွက်လည်း ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သောအထောက်အကူပြုကိရိယာများ စနစ်တကျသုံးစွဲနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့  ပါသည်။ 
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်မန္တလေးတွင်ကျင်းပပြုလုပ်သော သက်ကြီးပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိရာ မွေးစမှသည် သက်ကြီးရွယ်အိုဘဝအထိ လုပ်ငန်းအစီအစဉ်(၈)ရပ်ကို ရေးဆွဲထားရှိပါကြောင်း၊ လက်ရှိတွင်သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းအဖြစ် ရိပ်သာအခြေပြုစောင့်ရှောက်ခြင်း၊ ရပ်ရွာအခြေပြုစောင့်ရှောက်ခြင်း၊ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဖွင့်လှစ်စောင့်ရှောက်ခြင်းနှင့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာရှင်ပြည်သူများက တည်ထောင်ဖွင့်လှစ်ထားရှိသည့် ဘိုးဘွားရိပ်သာများကိုဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်းနှင့် ထောက်ပံ့ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီကနေ့အလုပ်ရုံဆွေး‌နွေးပွဲကို သက်ကြီးပုဂ္ဂိုလ်များ၏ စကားသံများကိုနားထောင်ပြီး လိုအပ်သောပံ့ပိုးမှုများဆောင်ရွက်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်စေရန်နှင့် သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကိုပြသနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရေးအတွက်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 
    အဆိုပါအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဘိုးဘွား(၅၉)ဦး၊ သက်ကြီးဘာသာရပ်ဆိုင်ရာပညာရှင် ပါမောက္ခဒေါက်တာမြင့်ဟန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း(၉၅)ဦးဖြင့် (၁)ရက်တာကျင်းပခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း(မန္တလေး) သို့သွားရောက်၍  အတန်းပညာသင်ကြားနေမှု၊ သက်မွေးပညာများ သင်ကြားလေ့ကျင့်ပေးနေမှု၊ နားမကြားသူများအတွက် လက်င်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူများသင်တန်း ဖွင့်လှစ်ပို့ချနေမှု၊ အကြားအာရုံစမ်းသပ်စစ်ဆေးပေးနေမှုနှင့် စကားပြောလေ့ကျင့်သင်ကြားပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်လေ့ကျင့်သင်ကြားပေးရန်နှင့် ကလေးများအနေဖြင့် မိမိကိုယ်ကိုရပ်တည်နိုင်ပြီး ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း ယုံကြည်မှုရှိစွာဖြင့် ဝင်ဆံ့နိုင်စေရေး အသိပညာ၊ အတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးရန်တိုက်တွန်းမှာကြားခဲ့ပါသည်။
     

FacebookTwitter