ပခုက္ကူ ခရိုင်နှင့် မင်းဘူးခရိုင် အတွင်းရှိ စေတနာ ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်

နေပြည်တော်၊ ဇွန်လ(၁)ရက် -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၁)ရက်နေ့၊ မွန်းလွဲ (၀၃း၀၀)နာရီ အချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်သာယာ ခန်းမ၌ ကျင်းပပြုလုပ်သော ပခုက္ကူ ခရိုင်နှင့် မင်းဘူးခရိုင် အတွင်းရှိ စေတနာ ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ ပါသည်။

      ယင်းသို့ ပြောကြားရာတွင် နိုင်ငံတော် သမ္မတကြီး ခေါင်းဆောင်သော အစိုးရ အဖွဲ့သည် ပြည်သူလူထု အခြေပြု အစိုးရ (People Centered Government) ဖြစ်သဖြင့် ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယနေ့ အချိန်ထိ တနိုင်ငံလုံးမှာ ဝန်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာ  ဝန်ထမ်းအဖွဲ့အစည်း စုစုပေါင်း (၁၁၈၄) တို့အား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆)သန်း တိုးမြှင့်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေ များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို ပခုက္ကူ ခရိုင်နှင့် မင်းဘူးခရိုင် အတွင်း ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

      ထို့နောက် ပခုက္ကူမြို့ ဘိုးဘွားရိပ်သာ အတွက် (၂၈.၄၂)သိန်း၊ ရေစကြိုမြို့ ဘိုးဘွားရိပ်သာ အတွက် (၂၈.၄၇)သိန်း၊ ပေါက်မြို့ ချောင်းကူရွာ လူငယ်ပရဟိတ ဂေဟာအတွက် (၅၃.၉၇)သိန်း၊ ပေါက်မြို့ ပျဉ်းချောင်း လူငယ်ပရဟိတ ဂေဟာအတွက် (၄၅.၂၁)သိန်း၊ ပခုက္ကူမြို့ မျက်မမြင် ကျောင်းအတွက် (၂၁.၈၅)သိန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၆)ကျောင်း အတွက် တစ်ကျောင်းလျှင် (၆)သိန်းကျပ်စီ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၇၃.၉၂)သိန်းကို တာဝန်ရှိသူများထံ ပေးအပ် ထောက်ပံ့ခဲ့ ပါသည်။

 

Image removed.

 

        ဆက်လက်၍ ဘိုဘွားရိပ်သာရှိ ဘိုးဘွားများအား လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မူကြိုကျောင်းသို့ သွားရောက်ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထိုမှ တဆင့် ကန်တော်ကျေးရွာသို့ ကွင်းဆင်း၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနနှင့် နားလည်မှု  စာချွန်လွှာ ရေးထိုး ဆောင်ရွက်လျက် ရှိသည့် PACT Myanmar တို့ ပူးပေါင်းပြီး ပြည်သူလူထု ကိုယ်တိုင် ဆောင်ရွက်သော ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter