ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်သည့် သက်ကြီးရွယ်အို များနေ့ပိုင်းစောင့်ရှောက် ရေးဂေဟာ ဖွင့်ပွဲသို့တက်ရောက်

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းရှိ အဆိုပါ အဆောက်အအုံရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

      ယင်းဂေဟာတွင် စာဖတ်ခြင်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုခြင်း၊ ရုပ်သံလိုင်း ကြည့်ရှုခြင်း၊ ကာရာအိုကေ သီဆိုခြင်း၊ တရားထိုင်ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ စစ်တုရင်ထိုးခြင်း၊ အခြားအားကစား နည်းများ ကစားနိုင်ခြင်း၊ ပြင်ပလေ့လာရေး ခရီးသွားခြင်း၊ မိမိဝါသနာ ပါရာများ လုပ်ဆောင်နိုင်ခြင်း စသည်ဖြင့် အပန်းဖြေ အနားယူနိုင်ရန်လည်း စီစဉ်ပေးထားကြောင်း သိရသည်။

      လက်ရှိ ကမ္ဘာ့လူဦးရေသည် သန်းခုနှစ်ထောင်ကျော် ရှိလာပြီ ဖြစ်ရာ အဆိုပါ လူဦးရေများအနက် အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အို သိန်းပေါင်း ၇၀၀ ကျော်ခန့် ပါဝင်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင် ယခုနှစ်ထက် နှစ်ဆမြင့်တက်လာပြီး ၂၀၅၀ ပြည့်နှစ်တွင် နှစ်ဘီလီယံအထိ ရှိလာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးက ထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။

      သက်ကြီးရွယ်အိုများ ဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးကို သြစတြေးလျနိုင်ငံ ဗီယင်နာမြို့၌ ၁၉၈၂ ခုနှစ်က ကျင်းပခဲ့သည်။ ယင်းညီလာခံ၏ ရှေးလုပ်ငန်းစဉ် ရည်ရွယ်ချက်များမှာ သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံအသီးသီးက အစိုးရများနှင့် လူမှုရေး အဖွဲ့အစည်းများ၏ စွမ်းအားကို ဖြည့်တင်းရန်၊ သက်ကြီးရွယ်အိုများ၏ စွမ်းအားကို ဖြည့်တင်းရန်၊ သက်ကြီးရွယ်အိုများ၏ မှီခိုမှုလိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်လာမှု အလားအလာများကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန်တို့ ပါဝင်ကြောင်း သိရသည်။

      မြန်မာနိုင်ငံသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့် စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာများ ထူထောင်ခြင်း လုပ်ငန်းကို ၁၉၁၅ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့ပြီး မန္တလေးမြို့ရှိ ပိုးကုန်သည်ကြီး ဂရုဏာရှင် ဘွားဦးဇွန်းက မျိုးစေ့ချပေးခဲ့ခြင်း ဖြစ်သည်။

      ယခုအခါတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဘိုးဘွားရိပ်သာများစွာ ပေါ်ထွန်းလာပြီး ဘိုးဘွားပေါင်းများစွာကို စောင့်ရှောက်ထားနိုင်ခဲ့သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံကိန်း၏ ပထမ သက်တမ်းကာလ ၂၀၀၄-၂၀၀၆ ခုနှစ်နှင့် ဒုတိယ သက်တမ်းကာ ၂၀၀၆-၂၀၀၉ ခုနှစ်တို့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနှစ်ခုမှ စီမံကိန်းမြို့နယ် ၁၇ ခုတွင် ဆောင်ရွက်ခဲ့ပြီး တတိယခုနှစ် သက်တမ်းကို ၂၀၀၉-၂၀၁၂ ခုနှစ်အထိ သတ်မှတ်ထား၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနှစ်ခု၊ စီမံကိန်းဝင်မြို့နယ် ၂၁ ခုတွင် ဆောင်ရွက်ပြီးကြောင်းသိရသည်။

      ဂေဟာကို တနင်္လာနေ့မှ သောကြာနေ့အထိ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များမှ အပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

FacebookTwitter