မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် ကမ္ဘာ့အမျိုးသမီးများဖိုရမ် ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ (၈)ရက် -

         ပြောင်းလဲလာသည့် ခေတ်သစ်၊ စနစ်သစ်နှင့် အညီ မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့်  ကမ္ဘာ့အမျိုးသမီးများဖိုရမ် (ပြောင်းလဲမှု မြန်ဆန်သော လူမှု အဖွဲ့အစည်း အတွင်းမှ အမျိုးသမီးများ) Women's  Forum (2013)- Women in a fast-opening society ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်ပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

         ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention on the Elimination of All Forms of Discrimination against Women-UNCEDAW) ကို ၁၉၉၇ ခုနှစ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး စာချုပ်အဖွဲ့ဝင် နိုင်ငံများ၏ တာဝန်တစ်ရပ် အနေဖြင့်လည်းကောင်း၊ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကော်မရှင် ASEAN Commission on the promotion and protection of Women's and Children's rights (ACWC)နှင့် အာဆီယံ အမျိုးသမီးရေးရာ ကော်မတီ ASEAN Committee on Women (ACW)၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ဝန်ကြီးဌာန အနေဖြင့် အမျိုးသား အမျိုးသမီး တန်းတူညီမျှ ဖြစ်ရေးနှင့် အမျိုးသမီး အခွင့်အရေးကိစ္စများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) National Strategic Plan for Advancement of Women (NSPAW)(2013-2022) ကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းစီမံချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဧရိယာ ၁၂ ခုမှာ (၁) အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ (၂) အမျိုးသမီးများအတွက် ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ (၃) အမျိုးသမီးများနှင့် ကျန်းမာရေး၊ (၄) အမျိုးသမီးများအား  အကြမ်းဖက်မှု၊ (၅) အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ၊ (၆) အမျိုးသမီးများနှင့် စီးပွားရေး၊ (၇)  အမျိုးသမီးများနှင့် ဆုံးဖြတ်ချက် ချမှတ်မှု၊ (၈) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း၊ (၉) အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ (၁၀) အမျိုးသမီးများနှင့် လူထုဆက်သွယ်ရေး၊ (၁၁) အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်၊ (၁၂) အမျိုးသမီးငယ်ရွယ်များ ဆိုတဲ့ အချက်များပင် ဖြစ်ပါကြောင်း၊ နည်းဗျူဟာ (၄)ရပ်မှာ (၁) သုတေသနပြုခြင်း (သို့) စစ်တမ်းကောက်ယူခြင်း၊ (၂) အသိပညာပေးခြင်း၊  (၃) အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (၄) ဘတ်ဂျက်နှင့် မူဝါဒ ချမှတ်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း၊ ၎င်းမဟာဗျူဟာ စီမံကိန်းသည် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများ သေချာစေရေး၊ အမျိုးသမီး စွမ်းပကား မြှင့်တင်ရေးနှင့် စစ်မှန်စွာ ဖွံ့ဖြိုးတိုးတက်သည့် မြန်မာအမျိုးသမီး အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် မရှိမဖြစ် လိုအပ်ပါကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ဆန့်ကျင်ရေး ဥပဒေ Anti Violence against Women Law ကို ရေးဆွဲလျက် ရှိပါကြောင်း၊  ကမ္ဘာ့အမျိုးသမီးများ ဖိုရမ်ကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပ ခွင့်ရရှိခြင်းနှင့် ဖိုရမ်အတွင်း ဆွေးနွေးချက် အကြံပြုချက်များအား မြန်မာအမျိုးသမီး ထုကြီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝများကို ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

           ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်ကြာ ကျင်းပသည့် Women's Forum (2013) - Women in a fast-opening society တွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အမျိုးသမီး ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း ၄၀၀ ခန့် တက်ရောက် ဆွေးနွေးကြသည်။

           ဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  စီးပွားရေးသစ်၏ ဈေးကွက် အခွင့်အလမ်းများ (Market opportunities in new economy)၊ အနာဂတ်ခေါင်းဆောင်များ ရှင်သန်စေခြင်း (Leadership for tomorrow)၊ ဘဏ္ဍာရေး ဆိုင်ရာ အခန်းကဏ္ဍများတွင် ပါဝင်စေမှု (Financial inclusion)၊ အသက်မွေးဝမ်းကျောင်းနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ - အောင်မြင်သူများ၏ အတွေ့အကြုံများမှ တစ်ဆင့် သင်ယူခြင်း (Vocational and occupational skills training:successful programs for inspire) (the culture corner) နှင့် မြန်မာအမျိုးသမီးများ အနေဖြင့် မိမိနှင့် မိသားစု အသိုင်းအဝိုင်းတို့၏ ကျန်းမာရေး ကောင်းမွန်တိုးတက်စေရန် နည်းလမ်းများ (What Myanmar women can do to creat better health for themselves, their families and communities) စသည့် စားပွဲဝိုင်း ဆွေးနွေးပွဲများသို့ တက်ရောက်သည်။ မွန်းလွဲပိုင်းတွင် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခန်းကဏ္ဍကို ပါဝင်စေခြင်း(Engaging for the environment agenda in development) စားပွဲဝိုင်း ဆွေးနွေးပွဲသို့ ဆက်လက် တက်ရောက်သည်။

            ဆွေးနွေးပွဲပထမနေ့ နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး H.E.Mr.Theirry Mathou တို့က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

             ယနေ့တွင် အမျိုးသမီး စွမ်းဆောင်ရှင်များ ပျိုးထောင်ခြင်း (Nurturing women's enterpreneurship)၊ လူငယ်များအတွက် ပညာရေးလမ်းသစ်နှင့် ပျောက်ဆုံးနေသော မျိုးဆက်များ (New path to education for the young and the lost generations)၊ ပြောင်းလဲမှု ကိုယ်စားလှယ် အမျိုးသမီးများ ဈေးကွက်သစ်များတွင် တိုးတက်ဖြစ်ပေါ်စေခြင်း (Women as a change agents Driving growth in emerging market)၊ မည်သည့်နည်းလမ်းဖြင့် မြန်မာနိုင်ငံအတွက် တာဝန်သိသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်နိုင်သလဲ (How to be international investor in Myanmar)၊ မြန်မာနိုင်ငံတွင်း ကျန်းမာရေး ပြောင်းလဲမှု (Transformation health in Myanmar)၊ အမျိုးသမီးများအား ငြိမ်းချမ်းမှု တည်ဆောက်မှု ကဏ္ဍများ (Women in peace building equation)တွင် ပါဝင်စေခြင်းနှင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် (Freedom of expression)စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

FacebookTwitter