အောင်ပွဲရ မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၂ -

      (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အောင်ပွဲရ မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် အားကစားရွာ ကျင်းပသည်။ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မသန်စွမ်း အားကစားသမားများသည်  ရွှေတံဆိပ် ၃၄ခု ၊ ငွေတံဆိပ် ၂၆ ခု၊ ကြေးတံဆိပ် ၃၆ ခု ရရှိခဲ့ကြောင်း။

      ယင်းအားကစားသမားများအနက် မိမိတို့ ဝန်ကြီးဌာနမှ နိုင်ငံ့ကိုယ်စားပြု အားကစားသမားများက ရွှေတံဆိပ် ၅ ခု ၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၄ ခု ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ ယနေ့ချီးမြှင့်မှုသည် အနာဂတ်တွင် ဆက်လက်ကြိုးပမ်းကြရန် ခွန်အားတစ်ရပ်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ အနာဂတ်ကာလတွင် မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကို ပြသနိုင်သူများ ဖြစ်စေရန်နှင့် ဘဝတူမသန်စွမ်းသူများအတွက် လေးစားအတုယူအားကျဖွယ် စံပြများ ဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရွှေတံဆိပ်ဆု ရရှိသူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီ၊ ငွေတံဆိပ် ရရှိသူတစ်ဦးလျှင် လေးသိန်းစီနှင့် ကြေးတံဆိပ် ရရှိသူ တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီ၊ နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့သည်။

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများအနက်  ရွှေတံဆိပ် ရရှိခဲ့သည့် အားကစားသမားများအတွက် ဝှီးချဲ ၄၈ လုံးနှင့် မျက်မမြင် လမ်းလျှောက်တုတ် ၆ ချောင်းတို့ကို ဇန်နဝါရီ ၂၁ ရက်က ကျင်းပခဲ့သော (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်  အားကစားမောင်မယ်များနှင့် ကူညီထောက်ပံ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ဂုဏ်ပြုသည့် အခမ်းအနားတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

FacebookTwitter