ကျေးရွာလူထုများအထိ သဘာဝဘေး အန္တရာယ် ကြိုတင်သတိပေးခြင်း စနစ် အကောင်အထည်ဖော်မှု နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၀ -

      ကျေးရွာလူထုများအထိ သဘာဝဘေးအန္တရာယ်ကြိုတင် သတိပေးစနစ်အကောင်အထည်ဖော်မှု နှစ်ပတ်လည် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၈ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဂရန်းအမရဟိုတယ်၌ကျင်းပရာ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၃ခုနှစ်အတွင်းမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီJICAတို့ ပူးပေါင်းဆောင်ရွက်ပြီး သဘာဝဘေးအန္တရယ်ဆိုင်ရာ ကြိုတင်သတိပေး စနစ်အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြည်သူလူထုစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ကျေးရွာလူထုများအထိ (End- to- End) ကြိုတင်သတိပေးစနစ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

      ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကနဦး စတင်ဆောင်ရွက်လျက်ရှိပြီး ရရှိလာသော အတွေ့အကြုံ သင်ခန်းစာများကို အခြေခံ၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

      ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော အရင်းအမြစ်များရရှိရေး၊ အတွေ့အကြုံဖလှယ်ရေး၊ ခေတ်မီနည်းပညာများ ရယူဆောင်ရွက်နိုင်ရေးတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

       မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရေးအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

       ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ရှိသူများတစ်ဦးက အမှာစကား ပြောကြားသည်။

       ညနေ ၃နာရီတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ ပြင်သစ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အမျိုးသမီးဖိုရမ် ၏ အမှုဆောင်အရာရှိချုပ် Mrs.Jacqueline  Franjouနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်အမတ်ကြီး Mr. Thierry MA THOUတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနကဆောင်ရွက်နေသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာ လုပ်ငန်းစဉ် ၂၀၁၃-၂၀၂၂အား လက်တွေ့အကောင်အထည်ဖော်ရေး လုပ်ငန်းများ၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေရေးဆွဲမှု အခြေအနေ၊ ရန်ကုန်မြို့တွင် အောင်မြင်စွာဖွင့်လှစ် လျက်ရှိသော သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာလုပ်ငန်းများ၊ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးဖိုရမ် ၂၀၁၄အား ယခုနှစ် ဒီဇင်ဘာ၌ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

FacebookTwitter