UEHRD လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကွင်းဆင်းကြည့်ရှု

 ရခိုင်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ ရှေ့ပြေးလုပ်ငန်းများကိုဆောင်ရွက်ရန်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ဒုတိယဝန်ကြီးဦးစိုးအောင်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အလုပ်သမား၊လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်တို့ ပါဝင်သောအဖွဲ့သည် (၂၈.၁၀.၂၀၁၇)ရက်နေ့ဈ နေ့လယ်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာရှိ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် များ လတ်တလောအသုံးပြုရန်အတွက် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန AHA စင်တာမှ ထောက်ပံ့သော မိသားစုသုံးပစ္စည်းများ၊ Yangon Lions Club Aid မှ လှူဒါန်းသော အဝတ်အထည်များနှင့် CSR လူမှုရေး ရန်ပုံငွေအဖွဲ့မှ လှူဒါန်းသော ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးရံ့ချောင်းကျေးရွာသို့ရောက်ရှိပြီး ငါးရံ့ချောင်း၊ ကျွန်းပေါက်၊ ဂုပ္ပီး ကျေးရွာများမှ ဒေသခံများနှင့်တွေ့ဆုံရာတွင် ဒေသခံများက မိမိတို့၏ ကျေးရွာသို့ပြန်လာရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားရာ တွင် သြဂုတ်လ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ရွာသူရွာသား အများစုသည် တစ်ဖက်နိုင်ငံသို့ ထွက်ခွါသွားသဖြင့် မိမိတို့လည်း ဆက်လက်မနေထိုင်ရဲတော့သည့် အတွက် တောင်ဘဒကားရွာသို့သွားရောက်ပူးပေါင်းနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ နယ်မြေ အေးချမ်းလာခြင်း၊ မိမိတို့နေရင်းဒေသမှလွဲ၍ အခြားဒေသသို့ သွားရောက် နေထိုင်လိုခြင်း မရှိခြင်းတို့ကြောင့် ကိုယ့်ရွာ ကိုယ့်ဒေသသို့ ပြန်လာခြင်း ဖြစ်ပါကြောင်း၊ လောလောဆယ်တွင် အခက်အခဲ အနည်းငယ်ရှိသော်လည်း မကြာမီအဆင်ပြေမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့၏ အခက်အခဲများကို ကူညီပေးပါရန် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေရှင်းပေးကြပြီး လတ်တလော အသုံးပြုရန်အတွက် ကျားလုံချည်(၅၇)ထည်၊ မလုံချည် (၆၂)ထည်၊ တီရှပ်အင်္ကျီ(၁၁၉)ထည်နှင့် မိသားစုသုံး ပစ္စည်းစုံများ၊ လိုအပ်သည်များ သုံးစွဲရန်အတွက် တစ်အိမ်ထောင်လျှင် (၁)သိန်းကျပ်နှုန်းဖြင့် အိမ်ထောင်စု(၂၁)စုအတွက် စုစုပေါင်း(၂၁)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ငါးရံ့ချောင်း၊ ကျွန်းပေါက်နှင့် ဂုပ္ပီးကျေးရွာများမှ ပြည်သူ (၁၀၃)ဦး တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲသို့ရောက်ရှိကြပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနပ်စပ်ရှိ တောင်ပြိုတံတားနှင့်နပ်စပ်ဂိတ်တို့ကို ကြည့်ရှုလေ့လာပြီး ကြိုဆို လက်ခံရေးစခန်းဖွင့်လှစ်မည့်နေရာ၊ ခေတ္တတည်းခိုနေထိုင်မည့်နေရာနှင့် အဆောက်အဦ များ ကို ပြင်ဆင်မည့် အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ထို့နောက် မောင်တောမြို့နယ် ရွှေဇားကျေးရွာတွင် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသား ဦးစီးဌာနက ကျေးရွာသူ/ကျေးရွာသားများကို National Verification Card (NVC) ကတ် ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ကညင်ချောင်း စီးပွားရေးဇုံတွင် ပါဝင်သည့် ကညင်ချောင်း ဆိပ်ခံဘောတံတားတွင် ကုန်တင်သင်္ဘောကြီများ ဆိုက်ကပ်၍ ကုန်ပစ္စည်းများ တင်ချပြုလုပ်နေမှု အခြေအနေများကို လေ့လာကြည့်ရှု၍ ဇုံအတွင်း လမ်းများ အဆင့်မြှင့်တင်ခြင်း၊ အခြေခံအဆောက်အဦများ အမြန်ဆုံးဆောက်လုပ်နိုင်ရေး တို့အတွက် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

          ခရီးစဉ်အတွင်း တစ်ဖက်နိုင်ငံသို့ထွက်ခွါသွားသူများကို ပြန်လည်နေရာချထားရန် လျာထားသည့် ဒါးကြီးဇားကျေးရွာနှင့် အလယ်သံကျော်အပန်းဖြေကမ်းခြေ တည်ဆောက်နိုင်သည့် နေရာများကိုလည်း ရဟတ်ယာဉ်ဖြင့် ကြည့်ရှုလေ့လာခဲ့ပါကြောင်း သတင်းရရှိပါသည်။

         

FacebookTwitter