UEHRD စီမံကိန်း၏လုပ်ငန်းတစ်ရပ်ဖြစ်သော ဒေသဖွံ့ဖြိုးရေးကို ရခိုင်ပြည်နယ်အစိုးရနှင့်အတူ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊စစ်တွေ၊၂၀၁၇၊အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်အတွင်း UEHRD လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ ပူးပေါင်း ပါဝင်နိုင်ပြီး အားလုံးပါဝင်သောအင်အားတစ်ရပ်ဖြင့် အကောင်အထည်ဖော်နိုင်ရေးကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း UEHRD ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်တွင်းရှိသောအင်အားကို အဓိကထားပြီး မူလအခြေအနေများထက် ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်ကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နေကြကြောင်း၊လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းများနှင့်အတူဖွံ့ဖြိုးတိုးတက်ရေးကိုလည်းတစ်ပြိုင်နက် တည်းဆောင်ရွက် နေကြောင်း ဖြင့် (၂၉.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်နယ်အစိုးရရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေး က ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် UEHRD စီမံကိန်းအတွက် ရန်ပုံငွေ လက်ခံရရှိမှုနှင့် ပါဝင်လှူဒါန်းနိုင်မှုအခြေအနေများကို မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ် များနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှု၊ သတင်းနှင့် ဆက်သွယ်ရေး ဆောင်ရွက်ပေးမည့်အစီအစဉ်၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (၉)ဖွဲ့၏ ပေါင်းစပ်မှု ဖြင့် UEHRD စီမံချက်ကို ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များမှ အမှန်အကျိုးဖြစ်ထွန်းစေမည့်အကြံပြုချက်များကို အကောင်အထည်ဖော်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များတွင် လူငယ်များပါဝင်မည့်အခြေအနေ များနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ပါသည်။  

          ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမည့်အစီအမံ၊ ရခိုပြည်နယ်အစိုးရအဖွဲ့၏ အလှူငွေ/ပစ္စည်းလက်ခံရရှိ သုံးစွဲမှုအခြေအနေများနှင့် UEHRD နှင့် ချိတ်ဆက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ ကလည်း UEHRD စီမံကိန်းနှင့် ပတ်သက်ပြီး ရှေ့ဆက်ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် ယခုလက်ရှိဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို အကြံပြုဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

          ဆက်လက်ပြီး UEHRD စီမံကိန်းတွင်ပါဝင်သည့် စေတနာ့ဝန်ထမ်းလူငယ်များ၊ လူမှုအဖွဲ့ အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရတို့ပူးပေါင်းပါဝင်မည့် လူသားချင်းစာနာ ထောက်ထားသော အထောက်အပံ့ပေးမှု စနစ်တစ်ရပ်ဖော်ထုတ်ဆောင်ရွက်ရေးကိုညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါခရီးစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ  (၆)ရက်နေ့မှ (၈)ရက်နေ့အထိ ရန်ကုန်မြို့တွင် (၃) ရက်တာ သင်တန်းပို့ချမည်ဖြစ်ပြီး ဗဟို ညှိနှိုင်းရေးအဖွဲ့၊ ပြည်နယ်ညှိနှိုင်းရေးအဖွဲ့နှင့် စေတနာ့ဝန်ထမ်းလူငယ်များ တက်ရောက်ကြမည် ဖြစ်ပါသည်။

          ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် မောင်တောမြို့နယ်၊ မြို့သူကြီးရွာအနီးရှိ လယ်ယာမြေများတွင် ရင့်မှည့် လာသော စပါးများကို နိုင်ငံတော်က ထောက်ပံ့ထားသော ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် စနစ် တကျ ရိတ်သိမ်းနေမှုကို လေ့လာကြည့်ရှုခဲ့ပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter