တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အာရှ-ပစိဖိတ်ဒေသတွင်း မသန်စွမ်းသူများအတွက်ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ (၃၀.၁၁.၂၀၁၇) ရက်နေ့

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြု လုပ်လျက်ရှိသော အာရှ-ပစိဖိတ် ဒေသတွင်း မသန်စွမ်းသူများအတွက် ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးအား အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ်(၂၀၁၃-၂၀၂၂)နှင့် အင်ချွန်း မဟာဗျူဟာတို့ကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် ကွာဟချက်နှင့် စိန်ခေါ်မှုများအပါအဝင် တိုးတက်ပြောင်းလဲမှုအခြေအနေအား ပြန်လည်သုံးသပ်ရန် ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒလမ်းညွှန်ချက်တို့ကို ဆွေးနွေးရန်၊ ကျန်ရှိသောဆယ်စုနှစ်ဝက် အတွက် အကောင်အထည်ဖေါ်ခြင်းတို့ကို မြှင့်တင်ရန်နှင့် ကြေညာချက်တစ်ရပ် ဆွေးနွေးချမှတ်ရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

၎င်းအစည်းအဝေးသို့ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံပေါင်း(၃၅)နိုင်ငံမှ အစိုးရ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ မသန်စွမ်းမှု ဆက်စပ် အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်စုစုပေါင်း(၄၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း၊ မသန်စွမ်းမှုနှင့်ဆက်စပ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ရှေးဦး အရွယ်ကလေး သူငယ် ဖွံ့ဖြိုးရေး အခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး တို့အပြင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်း၊ အင်ချွန်း မဟာဗျူဟာနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များအကြား ဆက်စပ်ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ဆွေးနွေး နိုင်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများတွင် လက်ရှိဆောင်ရွက် နေသော အင်ချွန်း မဟာဗျူဟာနှင့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံ ကောင်းများ၊ အခက်အခဲများစသည်တို့ကို လေ့လာသိရှိနိုင်ခဲ့သည့်အပြင် မသန်စွမ်းမှုဆိုင်ရာ နည်းပညာနှင့် လူစွမ်းအားအရင်းအမြစ်များကို ပိုမိုရရှိနိုင်မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

          အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားနိုင်ငံအစိုးရ၏ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ အာရှနှင့် ပစိဖိတ်ဒေသ မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter