ရခိုင်ပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် အကောင်အထည် ဖော်ရေး မြို့နယ်အဆင့် ရှင်းလင်းဆွေးနွေးပွဲ

ရခိုင်ပြည်နယ်၊ ၁၉.၁၂.၂၀၁၇

                            ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ်အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ရှင်းလင်းပွဲများ ကို ဒီဇင်ဘာလ (၁၁ ၊ ၁၂ ၊ ၁၃ ) ရက်နေ့များတွင် တောင်ကုတ်မြို့နယ် ၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ၎င်းင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌  ကျင်းပဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်  ကလေးသူငယ်များ အနေဖြင့် ဘဝတစ်သက်တာ ဖွံ့ဖြိုးမှု၏  အရေးကြီးဆုံး ကာလဖြစ်သော လူသားဘဝ အစ ရက်(၁၀ဝဝ) ကာလအတွင်း အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ၊ အလေ့အထကောင်းများ ရရှိစေရန် ၊ ပြည်နယ်အတွင်းရှိရင်းစွဲ အစီအမံများ ၊ ကျန်းမာရေး ၊ လူမှုရေးဝန်ဆောင်မှုများကို ပြည်သူများ ပိုမိုလက်လှမ်းမှီ ရယူနိုင်စေရန် ၊ ပြည်နယ်လူထု အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏  အခြေခံဖြစ်သော မိသားစုစီမံကိန်းများ ကောင်းမွန်စွာရေးဆွဲနိုင်စေရန် ၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ကျန်းမာသန်စွမ်း ၊ ဉာဏ်ရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ၊ အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်ပေး နိုင်ရန် စသည်တို့ကို ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

                          ဆက်လက်၍ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ MCCT အစီအစဉ်အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆိုင်ရာကိစ္စရပ်များကို အသေးစိတ် ရှင်း လင်းဆွေးနွေးတင်ပြခြင်း၊ ရှင်းလင်းဆွေးနွေးပွဲတက်ရောက်လာသူများမှ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်ဦးစီးမှူးတို့မှ မေးမြန်းချက်များအပေါ် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter