ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကိုးမြို့နယ် စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်၊ ဇူလိုင် ၁၅ -

          ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် အတွင်းရှိ ကိုးမြို့နယ်အတွင်းမှ ဘိုးဘွားရိပ်သာ၊ မူလတန်းကြိုကျောင်း၊ လူငယ်ပရဟိတဂေဟာ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း ၂၂ခုအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် ၇၀၂ ဒသမ ၇၃သိန်းအား ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၄ရက် နံနက် ၈နာရီခွဲက ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန် ထမ်း အတတ်သင် သိပ္ပံကျောင်း ခန်းမ ဆောင်တွင် ပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ  ဘိုးဘွား ရိပ်သာ၊ ကျောင်း၊ ဂေဟာ တာဝန်ရှိသူများသို့ ပေးအပ်ခဲ့သည်။

         ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက လူမှုဝန်ထမ်း ဆိုင်ရာ မူဝါဒ များနှင့်အညီ လုပ်ငန်းတာဝန်ကြီး (၈)ရပ်တွင် တစ်ခုအပါအဝင် ဖြစ်သော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကို နိုင်ငံတော်က ၁၉၅၃ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ( ၂၂၇)ခု၊ မသန်စွမ်းဂေဟာ (၉)ခု၊ဘိုးဘွားရိပ်သာ (၇၁)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၈၄၇)ကျောင်း၊ လူငယ်ရိပ်သာ (၆၉)ခု၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းအားလုံးပေါင်း (၁၃၁၆)ဖွဲ့ကို ထောက်ပံ့ကြေးငွေနှင့် နည်းပညာတို့ကို ဘဏ္ဍာနှစ်အလိုက် နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်မှစပြီး ထောက်ပံ့ကြေးငွေများကို ၃ဒသမ ၁၃ဆ တိုးမြှင့်ကာ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ တိုးမြှင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခု ထောက်ပံ့ငွေများ ကို စနစ်တကျ ဖွဲ့စည်းထားသော ကြီးကြပ်မှုကော်မတီများက မိမိတို့ဂေဟာ၊ ကျောင်း၊ ဌာနများအစဉ်တိုးတက်မှု ရှိစေရန် ဘဏ်တွင် ငွေများအပ်နှံထားပြီး စနစ်တကျ သုံးစွဲသွားကြစေလိုကြောင်းဖြင့် အမှာစကားတွင်ထည့်သွင်း ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

          ထောက်ပံ့ငွေပေးအပ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းတိုင်းဦးစီးမှူး ဦးတင်ဇော်မိုး၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာနတိုင်းဦးစီးမှူး ဦးကြည်သာနှင့် သက်ဆိုင်ရာ ဂေဟာ၊ ကျောင်း၊ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် မြို့နယ်များ ဖြစ်သော ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ (၉)မြို့နယ်တို့မှ ဘိုးဘွားရိပ်သာ (၅)ခု၊လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၉)ခု၊ မူလတန်းကြိုကျောင်း(၈) ကျောင်းတို့အတွက် ထောက်ပံ့ကြေးပေးခြင်းဖြစ်ကြောင်း သိရသည်။

FacebookTwitter