ပြင်ဦးလွင်ခရိုင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော်၊ စက်တင်ဘာ ၈ -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၅ ရက် တွင် ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပသော မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး လူမှုကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းများဖြစ်သည့်  ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း ၁၂၉၇ အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကစပြီး ထောက်ပံ့ကြေးငွေများကို ၃ ဒသမ ၁၃ ဆတိုးမြှင့်၍  စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇၁၆၆ သိန်းအား ထောက်ပံ့ပေးလျက်ရှိပါသည်။

          ထိုသို့ ထောက်ပံ့ပေးခြင်းသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံတော် ကို ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုနေခြင်းပဲ ဖြစ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။

         ထို့နောက် ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ဒိုးပင်အောက်ကံသာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၂၅၆ ဒသမ ၇၉ သိန်း၊ ပြင်ဦးလွင် မျက်မမြင်ကျောင်း အတွက် ၄၀ ဒသမ ၈၀ သိန်းနှင့် ချယ်ရီမြေဘိုးဘွားရိပ်သာအတွက် ၃ ဒသမ ၆၀ သိန်း၊ မတ္တရာမြို့နယ်အတွင်းရှိ အောင်သာကံမြှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ၂၃ ဒသမ ၃၆ သိန်းနှင့် ရွှေဘုံစံဘိုးဘွားရိပ်သာအတွက် ၄ ဒသမ ၅၀ သိန်း၊ မိုးကုတ်မြို့နယ် အတွင်းရှိ ရတနာသိဒ္ဓိလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ၄၂ ဒသမ ၈၇ သိန်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေစည်းခုံ ကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၁၃ ဒသမ ၈၇ သိန်း၊ ပြင်ဦးလွင် ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း အတွက် ၅၄ သိန်းအား ထောက်ပံ့ပေးအပ်သည်။

          ပြင်ဦးလွင်ခရိုင်အတွင်းရှိ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်း (၁၆/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၁၄) မှ (၁၅/၂၀၁၄)ထိ အား ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်များ အားလုံးနှင့် မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့မှ ကျေးရွာစုစုပေါင်း ၄၅၀ ကျော်မှ လူငယ် မောင်မယ်စုစုပေါင်း ၁၆၀၀ ခန့်ကို နည်းပြသင်တန်းများ ပို့ချခဲ့ပြီဖြစ်ကြောင်း နည်းပြ သင်တန်းများဖွင့်လှစ်သော တိုင်းဒေသကြီး/ပြည်နယ်များမှ ဆင်းပွားသင်တန်းများ လည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ကျန်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နည်းပြသင်တန်းများနှင့် ဆင့်ပွားသင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေခြင်းမှာ လူငယ်များ အတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြှပ်နှံမှုဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနဌာန ညွှန်ကြားရေးမှူးချူပ် ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်း လူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကြသည်။

          ထို့နောက် မြန်မာနိုင်ငံ မြေတိုင်းကျောင်းသို့ ရောက်ရှိပြီး ရပ်ကွက် ၂၀ နှင့် ကျေးရွာ ၁၀ မှ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ် ၃၀ တို့ကို နည်းပြသင်တန်းပို့ချနေမှုနှင့် ရပ်ကွက် ၂၆ ခုနှင့် ကျေးရွာ လေးရွာမှ  သဘာဝဘေး လျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ် ၃၀ တို့ကို နည်းပြသင်တန်း ဖွင့်လှစ်နေမှုတို့ အား ကြည့်ရှုအားပေးစကား ပြောကြားသည်။

          စက်တင်ဘာ ၆ ရက်တွင် အမှတ်(၆) ရပ်ကွက် သစ်တောလမ်းရုံးပေါင်း စုံဝင်းအတွင်းရှိ ပြင်ဦးလွင်ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး မှူးရုံးနှင့် ကယ်ဆယ်ရေးဂိုဒေါင် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။

          ထို့နောက် ချယ်ရီမြေဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားများကို ဝန်ကြီး ဌာနမှ အသုံးအဆောင်ပစ္စည်းများနှင့် ဦးအောင်ဇော်မြင့်- ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တို့က အလှူငွေနှင့် ဆေးဝါးများအား လှူဒါန်းခဲ့ကြောင်း သိရသည်။

FacebookTwitter