စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော်၊ စက်တင်ဘာ ၁၈ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၁၃ရက်တွင် မုံရွာမြို့ မြစန္ဒာခန်းမ၌ ကျင်းပသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်နှင့် စစ်ကိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

      ဝန်ကြီးဌာနက အသိအမှတ်ပြုထားသော တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း စုစုပေါင်း ၁၂၉၇ဖွဲ့အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစပြီး ထောက်ပံ့ကြေးငွေများကို ၃ ဒသမ ၁၃ဆတိုးမြှင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇၁၆၆သိန်းအား ထောက်ပံ့ပေးလျက် ရှိကြောင်းသိရသည်။

      ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက လူမှုစီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက်ချက်များကို ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ချောင်းဦးမြို့နယ်အတွင်းရှိ ဧရိပ်မွန်(၂)အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေး ဂေဟာအတွက် ၆၇ ဒသမ ၂၀သိန်း၊ မုံရွာမြို့နယ်အတွင်းရှိ သလ္လာရပ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၆၀ ဒသမ ၅၈သိန်း၊ မုံရွာဘိုးဘွားရိပ်သာ အတွက် ၅၄ဒသမ ၇၅သိန်းနှင့် ရောင်ခြည်သစ် မျက်မမြင်ကျောင်း အတွက် ၁၁ဒသမ ၁၀သိန်း၊ မုံရွာခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၁၀ ကျောင်းအတွက် သိန်း ၆၀၊ ဒီပဲယင်းမြို့နယ် အတွင်းရှိ မရကန်အင်ကြင်းပင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၅၃ ဒသမ ၈၄ သိန်း ရေဦးမြို့နယ်အတွင်းရှိ ရေဦးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၃၅ဒသမ ၅၉သိန်း၊ ရွှေဘိုမြို့နယ် အတွင်းရှိ သနန္တရဓမ္မကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၃၀ဒသမ ၄၈သိန်း၊ ရွှေဘိုခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၂၀ အတွက် သိန်း ၁၂၀၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ပညာပဒေသာကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၅၆ ဒသမ ၇၆ သိန်း၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ရိုးမတိမ် မဟာအောင်မြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၅၀ ဒသမ ၁၉သိန်း၊ ယင်းမာပင်ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၄ ကျောင်းအတွက် ၂၄ သိန်း၊ စစ်ကိုင်း မြို့နယ်အတွင်းရှိ ဆားတောင် စံပြကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ၄၂ ဒသမ ၂၉ သိန်းနှင့် ရွာထောင်ဘိုးဘွားရိပ်သာ အတွက် ၄၀ ဒသမ ၁၅ သိန်း၊ စစ်ကိုင်းခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း ၅ကျောင်းအတွက် သိန်း ၃၀၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၇၃၆ ဒသမ ၉၃ သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးခဲ့သည်။

     မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်နှင့် ယင်းမာပင်ခရိုင်များ အတွင်းရှိ လူမှုစောင့်ရှောက်ရေး စေတနာ့ ဝန်ထမ်းလူငယ်နှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များအတွက် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များအတွက် နည်းပြသင်တန်း (၁၇/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဆက်လက် ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့သည်။

     ထို့နောက် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ သင်တန်းခန်းမ၌ ကျေးရွာ ၃၁ရွာမှ သဘောဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် ၆၂ ဦးတို့ကို နည်းပြသင်တန်း ပို့ချနေမှုနှင့် သလ္လာ ရပ်ကွက် အထက(၄)၌ ကျေးရွာ ၃၀မှ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ် ၆၂ ဦးတို့အား နည်းပြ သင်တန်းပို့ချနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

FacebookTwitter