ရှမ်းပြည်နယ်(တောင်ပိုင်း)စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော်၊ စက်တင်ဘာ ၂၄ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၂၀ရက်တွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်း (၁၈/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းစုစုပေါင်း ၁၂၉၇ဖွဲ့အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစပြီး ထောက်ပံ့ကြေးငွေများကို ၃ ဒသမ ၁၃ဆတိုးမြှင့်၍ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇၁၆၆သိန်းအား ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၁၄)မှ (၁၇/၂၀၁၄)ထိအား ကျေးရွာစုစုပေါင်း ၅၀၀ကျော်မှ လူငယ်မောင်မယ် စုစုပေါင်း ၁၈၀၀ ခန့်ကို နည်းပြသင်တန်းများ ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း နည်းပြသင်တန်းများနှင့် ဆင့်ပွား သင်တန်းများကို ဆက်လက် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

      ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆောင်ရွက်ချက်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့ ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကြသည်။

      ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ရပ်စောက်မြို့နယ်ရှိ သုခကာရီ ဘိုးဘွားရိပ်သာအတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၄၇၁ ဒသမ ၆၈သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဦးအောင်ဇော်မြင့်- ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မိသားစုမှ ညောင်ရွှေမြို့နယ် မိုးသောက်လူငယ် ဖွံ့ဖြိုးရေးပရဟိတ ဂေဟာအတွက် ကျပ်တစ်သိန်း ထပ်မံ လှူဒါန်းသည်။

       ထို့နောက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ သင်တန်းခန်းမသို့ ရောက်ရှိပြီး ကျေးရွာ ၁၄ ရွာမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ၆၀ဦး တို့ကို နည်းပြသင်တန်းပို့ချနေမှုနှင့် ရပ်ကွက် ၁၄ခု၊ ကျေးရွာ ခြောက်ရွာမှ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ် ၆၀ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုတို့အား ကြည့်ရှု၍ လူငယ်မောင်မယ်များကို အားပေးစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

FacebookTwitter