ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီးလ်လီချောင်းဖျားရှိ မြေပြိုဆည်မှ ဆည်ရေကျိုးပေါက်မှုကြောင့် ဘေးအန္တရာယ်များ ကျရောက်မှု မရှိစေရန် မိုးမကျမီ စီမံဆောင်ရွက်ရမည့်အ‌ခြေအနေများ ဆွေးနွေးခြင်းနှင့် ကလေးဒေသရေဘေး ပြန်လည်ထူထောင်ရေးများ ဆွေးနွေးခြင်း

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ (၁၈-၄-၂၀၁၆)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သ့ို ရောက်ရှိခဲ့ပြီး ကလေးခရိုင်ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေးရိပ်သာ(၄)တွင် မြေပြိုဆည်အစီရင်ခံစာ အချက်အလက်များနှင့်ပတ်သက်ပြီး ပြည်သူများ၏ ဆန္ဒနှင့်အညီ ရေတိုရေရှည်ဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ပါသည်။ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ချင်းပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကလေး/ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ကလေး/တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ တည်ဆောက်ရေး(၄)တာဝန်ခံ၊ ရာဇဂြိုလ်ဆည်တာဝန်ခံ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ပါသည်။

၂။ (၁၉-၄-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် တွီးလ်လီချောင်းဖျားတွင် ဖြစ်ပေါ်တည်ရှိနေသည့် သဘာဝမြေပြိုဆည်၏ အခြေအနေနှင့် ဘေးအန္တရာယ်ကျရောက်နိုင်မှုအခြေအနေ၊ ကြိုတင်ကာကွယ်ဆောင်ရွက်သင့်သည့် နည်းလမ်းများ ဖော်ထုတ်နိုင်ရန် သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် ကလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း လမ်းတလျှောက်ရှိ စီဘောက်ကျေးရွာ၊ ဟန်ကင်ကျေးရွာ၊ ဟန်ဟစ်ကျေးရွာများရှိ ရွာသူရွာသားများနှင့် တွေ့ဆုံခဲ့ပြီး ၂၀၁၅ခုနှစ်တွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ပေါ်ခဲ့သည့် ဟန်ကင်ကျေးရွာရှိ ရွာသူရွာသားများအတွက် ဆန်(၁၀၀)အိတ်စာ ဆန်ရိက္ခာဖိုး ကျပ်(၂၄)သိန်းတိတိ၊ စီဘောက်ကျေးရွာရှိ ရွာသူရွာသားများအတွက် ဆန်(၁၈)အိတ်စာ ဆန်ရိက္ခာဖိုး ကျပ်(၄.၃၂)သိန်းတိတိ ထောက်ပံ့ပေးအပ်ခဲ့ပြီး တွီးခိန်ဇန်ရွာ၌ (၁၆-၄-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးခဲ့သော အိမ်‌ခြေ(၄၂၃)အိမ်အတွက် အရွယ်တာပေါ်လင် မိုးကာစ(၄၂၃)စအား ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

၃။ ၂၀.၄.၂၀၁၆ရက်နေ့ နံနက်ပိုင်း၌(၂၀၁၅)တွင် ရေဘေးသင့်ဒေသများအား သွားရောက်လေ့လာခဲ့ပြီး ကလေးမြို့ အမှတ်(၄) အေးရိပ်မွန်မိဘမဲ့အမျိုးသမီးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဂေဟာ အမိုးမျက်နှာကျက်များ ပြုပြင်ရန်အတွက် ထောက်ပံ့မှုငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကလေးမြို့ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး (၄)ရိပ်သာတွင် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး၏ ကလေးဒေသခရီးစဉ်တွင် မြေပြိုဆည်မှ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကို တွက်ဆ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ တင်ပြဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာတွင် ဦးမော်မော်နိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ ရာဇဂြိုလ်ရေကျော်တမံ စီမံကိန်းတာဝန်ခံက ရှင်းလင်းဆွေးနွေးရာတွင် မြေပြိုဆည်နှင့် ပတ်သက်၍ အန္တရာယ်ကာကွယ်ရန် ဆည်မြောင်းအင်ဂျင်နီယာပညာရှင်များ၏ နည်းလမ်းသုံးခု အကြံပြုထားပါသည်။ ပထမနည်းလမ်းမှာ မြေပြိုဆည်အောက်ဘက်မှကပ်၍ တာတံမန်တခု တည်ဆောက်ပြီး ရေသိုလှောင်ထား၍ ကာကွယ်ထားခြင်း၊ ဒုတိယနည်းလမ်းမှာ မြေပြိုဆည်၏ ဝဲယာတွင် ရေမြောင်းတူး၍ ဖောက်ချပေးနိုင်ခြင်းနှင့် တတိယနည်းလမ်းမှာ မြေပြိုဆည်၏ အောက်ဘက် ရာဇဂြိုလ်ဆည်တမံနှင့် မြေပြိုဆည်အကြား နေရဉ္စရာမြစ်ပေါ်တွင် နုံးဖမ်းဆည်သုံးခု တည်ဆောက်ခြင်းတို့ဖြစ်ပါသည်၊ အထက်ပါ နည်းလမ်းသုံးခုအနက် ယခုမိုးမကျမီ ရေတိုကာလနှစ်လခန့်အတွင်း ဆောင်ရွက်နိုင်သည့် အကောင်းဆုံး နည်းလမ်းမှာ နုံးဖမ်းဆည်များ တည်ဆောက်ကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါကြောင်း၊ နုံးဖမ်းဆည် တည်ဆောက်ပေးခြင်းဖြစ် မြေပြိုဆည်ပြိုပျက်၍ အနည်အမှိုက်များရောစီးလာလျှင် နုံးဖမ်းဆည်က အမှိုက်သရှိုက်များ၊ နွံများကိုဖမ်းတားထားနိုင်ပြီး ရေများသာ ဖြတ်သန်းစီးဆင်းသွားမည်ဖြစ်ပါသည်။ ရာဇဂြိုလ်ဆည်တွင် ရေများသာဝင်ရောက်၍ နုံးဖို့ကျန်ခြင်းမှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ ရာဇဂြိုလ်ဆည်၏ ရေလှောင်နိုင်မှုပမာဏသည် (၁၄၀၀၀၀)ဧကပေဖြစ်ပြီး မြေပြိုဆည်မှ ကျဆင်းလာမည့် ရေဆင်းပမာဏသည် (၂၆၇၅၀)ဧကပေခန့်သာဖြစ်၍ ရာဇဂြိုလ်ဆည်သည် မြေပြိုဆည်မှ ရောက်ရှိလာမည့် ရေပမာဏကို လက်ခံနိုင်သည့် အနေအထားဖြစ်သဖြင့် မြေပြိုဆည်၏ အန္တရာယ်သက်ရောက်မှုကို စိုးရိမ်စရာ မရှိကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။ သို့ဖြစ်၍ နုံးဖမ်းဆည် အမြန်တည်ဆောက်နိုင်ရန် လိုအပ်သော ဒီဇိုင်းရရှိရေးအတွက် မြေမြင်အချက်အလက်များကို ၂/၃ရက် အတွင်းပေးပို့ပြီး ပြန်လည်တင်ပြပေးမည် ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။

၄။ ပြည်ထောင်စုဝန်ကြီးမှ တပတ် နှစ်ပတ်အတွင်းလုပ်ငန်းများ စတင်နိုင်ရန် ဦးစီးဌာနသို့ တင်ပြထားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကိုလည်း ဝန်ကြီးကိုယ်တိုင် ညှိနှိုင်းပေးမည်ဖြစ်ပါကြောင်း၊ ငွေကြေးကုန်ကျမှုကိုလည်း အမြန်ဆုံးစီစဉ်ပေးမည်ဖြစ်ကြောင်း မှာကြားပါသည်။ ထို့အပြင် ယခုမြေပြိုဆည် ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူလူထုသိရှိရန် ချပြဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ ပွင့်လင်းစွာ ချပြမည်ဖြစ်ကြောင်း၊ ထပ်ဆင့်ရှင်းလင်းမည့်သူများက တိကျသောကိန်းဂဏန်း အချက်အလက်များဖြင့် ရှင်းလင်းနိုင်ရန် လက်ကမ်းစာစောင်များကို ဒေသအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးနိုင်ရန်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မြေပြိုဆည်အတွက် ကလေးပြည်သူလူထု ကြိုတင်ပြင်ဆင်နိုင်ရေး ကာကွယ်ရေး အပိုင်းများကို ဦးဆောင်‌ဖြေရှင်းပေးရန်မှာ ကြိုတင်သတိပေးစနစ်အတွက် ဆက်သွယ်ရေး ကွန်ယက်များ ဖြစ်သော SSB (Single Site Band)စနစ်၊ Icon လမ်းလျောက်စကားပြောစက်၊ အသံချဲ့စက် ဟွန်းစပီကာများ တက်ဆင်ခြင်း၊ အရေးပေါ်ရွှေ့ပြောင်းစနစ်အတွက် Rapid Respond Teams များကို ကလေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ဖွဲ့စည်း၍ ရွှေ့ပြောင်းနေရာများကို ရပ်ကွက်၊ကျေးရွာအလိုက် နေရာများ ကြိုတင်သတ်မှတ်ခြင်း၊ ပြည်သူကိုယ်တိုင်ပါဝင်သော သင်တန်းနှင့်ဆက်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း၊ အရေးပေါ်ရွှေ့ပြောင်းရာတွင် အသုံးပြုနိုင်ရန် စက်တပ်လှေသုံးစင်းကို ကလေးဝမြို့နယ်က တည်ဆောက်ပြီး ကုန်ကျစရိတ်ကို သဘာဝဘေးရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကြောင်း၊ လှေသုံးစင်းကို ကလေး မြို့နယ်အုပ်ချုပ်ရေးက တာဝန်ယူထိန်းသိမ်းပြီး ဘေးမဖြစ်မှီကာလများတွင် ပြည်သူ့အကျိုးဖြစ်မည့် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုကြရန်လိုအပ်ပါကြောင်း ထပ်မံ၍လှေတိုစက်တပ်လှေ (၇)စင်းကို ဆက်လက် စီစဉ်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းဆောင်ရွက်ပေးပါမည်။ ယခုနှစ်မိုးမကျမှီ ကလေးမြို့သို့ ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု(၁၅၀၀)စာ ကြိုတင်စုပုံပေးထားပြီး မိုးကာလိပ်များပါ ထုတ်ပေးထားမည်ဖြစ်ကြောင်း စီစဉ်ပေးခဲ့ပါသည်။

FacebookTwitter