သောက်သုံးရေရရှိရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ဆောင်ရွက်ပေးမှု

နေပြည်တော်၊ ဧပြီလ ၂၄ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၃.၄.၂၀၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးမြင့်ဇော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသော ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ မြေရင့်ကျေးရွာနှင့် ပေါက်မြို့နယ်အတွင်းရှိ တာချောင်းကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ကြီးဌာန၏ လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်ပြီး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် မြေရင့်ကျေးရွာတွင် ဂါလန်(၅၀၀၀)ဆံ့ စင်မြှင့်ရေစင်ဆောက်လုပ်ရန် ကျပ်(၃.၈)သန်းအားလည်းကောင်း၊ တာချောင်းကျေးရွာတွင် ဂါလန် (၂၀၀၀) ဆံ့ အုတ်ရေကန် ဆောက်လုပ်ရန် ကျပ် (၁.၈၅) သန်းနှင့် အသင့်စား ခေါက်ဆွဲခြောက်ထုတ်များအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့နယ်၊ အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

      ဆွေးနွေးဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ နီးစပ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ လေဘေးသင့် ကျေးရွာများသို့ သွားရောက်ကြည့်ရှု၍ သာပေါင်းကျေးရွာရှိ ပျက်စီးနေအိမ် (၄)လုံး ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေကျပ်(၂)သိန်းအား ပေးအပ်ခဲ့ပြီး ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကာ စာရင်းကျန်ရှိသည့် ပျက်စီးနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေ ဆက်လက်ထောက်ပံ့ပေးနိုင်ရေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွင် အသုံးပြုရန် ကျပ်သိန်း (၃၀၀) တန်ဖိုးရှိ သွပ် (၁၀၀၀၀) ချပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်ထောက်ပံ့နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

       ၂၄.၄.၂၀၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် / မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်များအတွင်းရှိ လေဘေးသင့်ကျေးရွာများသို့ သွားရောက်ကြည့်ရှုပြီး ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

       ခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော စဉ့်ကိုင်မြို့နယ်၊ ကန်ကြီးရွာ၊ လေဘေး ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း (၉၀) တန်ဖိုးရှိ သွပ် (၃၀၀၀) ချပ်၊ မိုးကာလိပ်များနှင့် ပြိုကျနေအိမ် (၃) လုံးအတွက် ထောက်ပံ့ငွေကျပ် (၁.၅) သိန်းအားလည်းကောင်း၊ ကျောက်ဆည်မြို့နယ်၊ ရေသရောက်ရွာ၊ လေဘေးပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း (၆၀) တန်ဖိုးရှိ သွပ် (၂၀၀၀) ချပ်၊ မိုးကာလိပ်များနှင့် သေဆုံးသူ (၆) ဦးအတွက် ထောက်ပံ့ငွေကျပ်(၆)သိန်းအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ မြစ်သားမြို့နယ် ရွာခိုင်ကြီးရဲစခန်းသို့ ရောက်ရှိပြီး ရဲစခန်းအတွင်း ပျက်စီးသွားသော ရဲဝန်ထမ်းမိသားစုအိမ်ရာများအတွက် ယာယီအသုံးပြုနိုင်ရန် မိုးကာတဲနှင့် မိုးကာလိပ်များအားလည်းကောင်း၊ ယာယီဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေး အသင့်တပ်ဆင်အသုံးပြုနိုင်သော သံဖရိန်အဆောက်အဦ(၃)လုံး အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

        ထို့နောက် ရွာခိုင်ကြီးကျေးရွာ၊ ရွာသူရွာသားများအား ဓမ္မာရုံတွင်တွေ့ဆုံ၍ လေဘေးပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း (၆၀) တန်ဖိုးရှိ သွပ်အချပ်ရေ (၂၀၀၀)ချပ်အားလည်းကောင်း၊ ရွာခိုင်ကြီးကျေးရွာ၊ လေဘေးပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေ ကျပ် (၂၅) သိန်း၊ မိုးကာလိပ်များနှင့် Family Kit များအားလည်းကောင်း ထောက်ပံ့ပေးအပ်၍ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အသိ၊ သတိဖြင့် ဆောင်ရွက်ရန် ဒေသခံပြည်သူများနှင့် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter