သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ဆောင်ရွက်ပေးမှု သတင်း

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၈-၄-၂၀၁၆ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာသို့ ရောက်ရှိပြီး ဝေဇယန္တာဓမ္မာရုံတွင် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၈၂)အိမ်ထောင်စုစာအား လည်းကောင်း၊ နေအိမ်များပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေကျပ်(၅၈၆)သိန်းအားလည်းကောင်း၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁)သိန်းအားလည်းကောင်း၊ အသင့်စားခေါက်ဆွဲ‌ခြောက်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအားလည်းကောင်း၊ ကလေးများအတွက် ကစားစရာများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့သော ဆန်(၇၂၀)အိတ်၊ ဆီ(၁)လီတာဆံ့(၂၈၈၀)ဗူး၊ ငါးသေတ္တာ (၁၃၈၂၄)ဗူးအား တာဝန်ရှိသူတစ်ဦးမှလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၂။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့နယ်၊ မြစ်ဆုံရွာသို့ သွားရောက်၍ လေဘေးကြောင့် ပြိုကျပျက်စီးမှုများအား လေ့လာကြည့်ရှု့ပြီး မြစ်ဆုံဘုန်းတော်ကြီးကျောင်းနှင့် ခန်တော ဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်လျှက် ရှိသည့် လေ‌ဘေးသင့်ကျေးရွာများမှ ကလေးသူငယ်များအား အစားအစာများ ပေးအပ်ခဲ့ပါသည်။

၃။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပင်းတယမြို့နယ်၊ မိုင်းအင်ရွာရတနာမာန် အောင်ဘုန်းတော်ကြီးကျောင်း၌ လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး (၃၁၀)အိမ်ထောင်စုစာအားလည်းကောင်း၊ နေအိမ်များပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်(၆၄.၄) သိန်းအားလည်းကောင်း၊ အသင့်စားခေါက်ဆွဲ‌ခြောက်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအားလည်းကောင်း၊ ကလေးများအတွက် ကစားစရာများအားလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့သော (၁၂)ပေသွပ် (၆၄၂၀)ချပ်အား တာဝန်ရှိသူတစ်ဦးမှ လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၄။ ယင်းနောက် မိုင်းအင်ရွာ ရတနာမာန်အောင်ဆရာတော်အား ကန်တော့၍ နဝကမ္မအလှူငွေ ကျပ်(၁)သိန်း လှူဒါန်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းစေတီနှင့် ရှေးဟောင်းရုပ်ပွားတော်အား ဖူးမျှော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter