လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီးရှားသံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဧပြီ (၂၉) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ ၂၉ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Head of UN Women ဖြစ်သူ Dr.Jean D’Cunha မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံရှိ ကျား၊ မ အ‌ခြေအနေ လေ့လာဆန်းစစ်မှုစစ်တမ်းကိစ္စ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဥပဒေစပ်လျဉ်းသည့်ကိစ္စ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗေးရှင်း စတုတ္ထနှင့်ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာနှင့် စပ်လျဉ်းသည့်ကိစ္စ၊ နားလည်မှု စာချွန်လွှာ ရေးထိုးမည့်ကိစ္စ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

      အလားတူ ညနေ (၁၄း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ H.E Dr.Ito Sumardi ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်း‌ဆောင်ရွက်မည့်ကိစ္စ၊ လုပ်ငန်းစီမံချက်များနှင့် စွမ်းရည်မြှင့်သင်တန်းများ ပံ့ပိုးမည့်ကိစ္စ၊ ဘေးအန္တရာယ် ကျရောက်လျက်ရှိသော ပြည်သူလူထုအတွက် ပံ့ပိုးဆောင်ရွက်ပေးမည့်ကိစ္စတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

      အလားတူညနေ (၁၅း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Help Age International မှ Social Protection Advisor ဖြစ်သူ Dr.Wesumperna Dhamapryia မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များတွင် နည်းပညာပိုင်းပံ့ပိုးမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာမူဝါဒနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။

FacebookTwitter