လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မေလ(၁၂)ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ(၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုများ ကြုံတွေ့ခဲရသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နှင့် ကံမမြို့သို့ သွားရောက်ခဲ့ပါသည်။

      မေလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပါးပွတ်ကျေးရွာ၊ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်သော သရက်မြို့နယ် လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး‌ငွေနှင့် ဆန်ရိက္ခာဖိုး‌ငွေများ ထောက်ပံ့ပွဲသို့ တက်ရောက်ပါသည်။

      အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ဘေးသင့်ပြည်သူများအား နှစ်သိမ့် အားပေးကာ ထောက်ပံ့မှုများနှင့်ပတ်သက်မှုများ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်သူတို့ ပံ့ပိုးကူညီမှုဖြင့် ထိရောက်သော အောင်မြင်မှုများနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်မှ ကယ်ဆယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ ပေးအပ်ရာ ပြိုလဲအဆောက်အဦ(၄)ခုနှင့် အမိုးအကာပျက်စီးသွားသော အိမ်(၁၄၄)အိမ်အတွက် ထောက်ပံ့ငွေစုစုပေါင်း (၃၈၇၉၂၀၀)ကျပ်နှင့် ပါးပွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ပျက်စီးမှုအတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀)တို့ကို သက်ဆိုင်ရာအိမ်ထောင်စုများနှင့် တာဝန်ရှိသူများထံသို့လည်းကောင်း၊ ကလေးငယ်များအား ကစားစရာများကိုလည်းကောင်း ပေးအပ်ပါသည်။

      ထို့နောက် လေဘေးသင့်ပြည်သူများကိုယ်စား ဒေသခံ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသည့်ဒေသခံများ ဆွေးနွေးကြရာ ပါးပွတ်ကျေးရွာ အခြေခံအလယ်တန်းကျောင်းခွဲ ပြုပြင်ထိန်းသိမ်းရန်အတွက် ငွေကျပ်(၁၀)သိန်းကို ကျောင်းအကျိုးတော်ဆောင်များထံ ထောက်ပံ့ပေးအပ် ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ကံမမြို့၊ ကျောက်စောင်း ကျေးရွာသို့ သွားရောက်ကာ ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာ အ‌ခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ပြုလုပ်သော ကံမမြို့နယ် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပွဲသို့ တက်ရောက်ကာ ဘေးသင့်ပြည်သူများအား ထောက်ပံ့ရခြင်းအကြောင်းအရင်းများ ဝန်ကြီးဌာနမှ ဘေးသင့်ပြည်သူများအား အမြန်ဆုံးထောက်ပံ့နိုင်ရန် လုပ်ဆောင်နေမှု အခြေအနေများ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်နိုင်မှုများ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အမြန်ဆုံး ဆက်သွယ်နိုင်ရန် hotline တယ်လီဖုန်းနံပါတ်များဖြစ်သော (၀၆၇-၄၀၄၆၆၆၊၀၆၇-၄၀၄၇၇၇)တို့ကို ဆက်သွယ်နိုင်ကြောင်း၊ ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။

       ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်မှ ကယ်ဆယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

       အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးမှ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများပေးအပ်ရာ အိမ်တခုလုံးပြိုလဲသည့် အိမ်(၁၅)လုံးနှင့် အမိုးအကာ ပျက်စီးသွားသော အိမ်(၆၁၉)ခုအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၆၅၅၃၆၀၀)ကျပ်တို့ကို သက်ဆိုင်သည့် အိမ်ထောင်စုများထံသို့လည်းကောင်း၊ ကလေးငယ်များအား ကစားစရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ် ပါသည်။

      ထို့နောက် လေဘေးကြောင့် ပြတ်တောက်သွားခဲ့သည့် လျှပ်စစ်မီးကြိုးများအား နေအိမ်များတွင် ပြန်လည်သွယ်တန်းနိုင်ရန်အတွက် ထောက်ပံ့ငွေကျပ်(၈)သိန်းအား ကျေးရွာတာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိရာ ပြည်မူကြို ကျောင်းသို့ သွားရောက်ပြီး မူလတန်းကြိုကျောင်းတွင် တက်ရောက်နေသော ကလေးသူငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မူလတန်းကြိုကျောင်းရှိ ဆရာမများအား လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ခရိုင်ကယ်ဆယ်ရေး သိုလှောင်ရုံသို့ သွားရောက်ကြည်ရှုခဲ့ပါသည်။

      ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀)အုပ်စုမှ ကျေးရွာပေါင်း (၁၆)ရွာတွင် မေလ(၁၂)ရက်နေ့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်းများကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၂၇)လုံး၊ အမိုးလန်(၆၉)လုံး၊ မိုးသီးကြွေကျမှုကြောင့် အမိုးပေါက်အိမ်ထောင်စု(၃၇)လုံးတို့အတွက် ထောက်ပံ့ငွေကျပ် (၃၄၇၀၀၀၀)ကျပ်အား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter