လေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၆.၅.၂၀၁၆)နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာသို့ရောက်ရှိပြီး (၁၅.၅.၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ရသည့် ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ကနဦးရရှိသည့်သတင်းအရ မြို့နယ်အတွင်းရှိ ပြိုကျနေအိမ်(၇၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၀၀)လုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်(၁၅၇)သိန်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ကလေးများအတွက် ကစားစရာအရုပ်များအားလည်းကောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စာရင်းကျန်ရှိသည့် ပြိုကျပျက်စီး နေအိမ်များအား ဆက်လက်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကံသစ်ကျေးရွာသို့ရောက်ရှိပြီး လေဘေးကြောင့် ထိခိုက်ပျက်စီးမှုများအားကြည့်ရှုကာ ပြိုကျနေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ ကျပ်(၅)သောင်းအား ပေးအပ်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန်းကောက်ကျေးရွာသို့ရောက်ရှိပြီး မိုးကြိုး ထိမှန်သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁)သိန်းအား သေဆုံးသူ၏မိဘနှစ်ပါးသို့ ထောက်ပံ့ ပေးအပ်၍ မိသားစုဝင်များအား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီမှူးရုံးနှင့် သိုလှောင်ရုံသို့ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ထားရှိမှုအားကြည့်ရှု၍ ပစ္စည်းများဖြည့်တင်းထားရှိရေး စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter