ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များ လူ့ဘောင်အဖွဲ့အစည်း အတွင်းသို့ ဝင်ဆံ့နိုင်စေရန် လူမှုဝန်ထမ်း နည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးရန်လိုအပ်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၄-၆-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ ရောက်ရှိပြီး မွေးကင်းစမှ အသက်(၃)နှစ်အရွယ်အတွင်း ကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်း၊ဤကလေးပြုစုရေးဌာနတွင် ရောက်ရှိနေသော ကလေးသူငယ်မှ အနာဂတ် ခေါင်းဆောင်များ၊ ပညာရှင်များ ဖြစ်ပေါ်လာနိုင်သဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အကျဉ်းဦးစီးဌာနမှ လွှဲပြောင်းပေးပို့သော HIV ပိုးရှိသူ အမျိုးသမီးများအား လက်ခံစောင့်ရှောက်ထားရှိသည့် တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး ဌာနသို့ရောက်ရှိပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဤရောဂါသည် အနာသိလျှင် ဆေးရှိသည်ဖြစ်၍ ကုသမှုကို ထိထိရောက်ရောက် လိုက်နာခံယူဖို့သာလိုကြောင်း၊ ပြစ်ဒဏ်ခံယူနေသည့် ကာလတွင် စိတ်ချမ်းသာစွာ နေထိုင်ဖို့လိုကြောင်း၊ ပြစ်ဒဏ်မှ လွတ်မြောက်သည့်အခါ ကောင်းမွန်သော ဘဝရပ်တည်နိုင်ရေးအတွက် ယခုသင်တန်းကျောင်းမှ သင်ကြားပေးနေသည့် သက်မွေးပညာရပ်များကို ဤကာလအတွင်း တက်မြောက်အောင် ကြိုးစားသင်ယူဖို့လိုကြောင်း၊ ပြုစုစောင့်ရှောက်သူများ အနေဖြင့်လည်း ကိုယ်ချင်းစာစိတ်ဖြင့် ပြုစုစောင့်ရှောက်ရန်လိုကြောင်း မှာကြားပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာရှိ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ပြစ်မှုကျူးလွန်၍ ကလေးသူငယ်တရားရုံးမှ ပြစ်ဒဏ်စီရင်ခြင်းခံရသော ကလေးသူငယ်များနှင့် ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များကို လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ ပြန်လည်ဝင်ဆံ့နိုင်စေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သူများအဖြစ် ရောက်ရှိလာစေရန် လူမှုဝန်ထမ်း နည်းလမ်းများဖြင့် ပြုစုပျိုးထောင် လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို နည်းဥပဒေနှင့်အညီ အပြည့်အဝ ခံစားနိုင်ရေး ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း၊ သင်တန်းကျောင်းတွင် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ် ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်မီရေး ဆောင်ရွက်ရန်လိုကြောင်း လူငယ်ဆိုင်ရာ မူဝါဒရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းများအား ရာနှုန်းပြည့် ပြီးစီးရေးဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ကလေးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။

       မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း ပညာသင်ကြားလိုသော မျက်မမြင် ကလေးသူငယ်များကို စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနေသော ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး မသန်စွမ်းသူတို့၏ ဘဝကို ပြန်လည် ထူထောင်မှုပြုပေးလျှင် ၎င်းတို့၏ဘဝကို ၎င်းတို့ကိုယ်တိုင် ဖန်တီးရပ်တည်နိုင်မည့်အပြင် တိုင်းပြည်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ၊ ဝန်ထမ်းများအနေဖြင့် စေတနာ၊ မေတ္တာ၊ ဂရုဏာ အရင်းခံထား၍ ပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း တစ်ဦးချင်းစီ၏ ဉာဏ်ရည်နှင့် ဝါသနာထုံမှုအပေါ် မူတည်၍ ကျောင်းတွင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးရန်ဖြစ်ကြောင်း မှာကြားပြီး သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကျောင်းမှသင်ကြားပေးနေသည့် သက်မွေးပညာရပ်များဖြင့် မိမိဘဝ မိမိရပ်တည်ထူထောင်နိုင်ရေး ကြိုးစားသင်ယူဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter