ကိုရီးယားသမ္မတနိုင်ငံတွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှ-ဥရောပ သက်ကြီးရွယ်အို လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့် ပုဂ္ဂိုလ်များ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် ဆွေးနွေး အမှာစကား ပြောကြားခြင်း

       လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Four Seasons Hotel တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှ- ဥရောပ သက်ကြီးရွယ်အိုများ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲဖိုရမ်သို့ တက်ရောက်ပြီး သက်ကြီးရွယ်အိုများ ဆင်းရဲမှုလျော့ချရေး၊ ကျန်းမာရေးမြင့်တင်ရေး၊ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစံ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို အာရှ-ဥရောပ ASEM အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် အဆင့်မြင့် ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေးဖလှယ်ခဲ့ပြီး ဖိုရမ်ပိတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။

      ယင်းသို့ပြောကြားရာ၌ မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်နှင့် ရက်(၁၀၀) စီမံကိန်းတွင် ပါဝင်သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ လက်ရှိဦးစားပေး ဆောင်ရွက်မှုများကို အသိပေးပြောကြားခဲ့ပါသည်။

     ဆွေးနွေးပွဲ တက်ရောက်စဉ်အတွင်း HelpAge Korea မှ ဥက္ကဌ Mr Cho Myung ကလာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင်၂၀၀၄ခုနှစ်က စတင်သည့် သက်ကြီး ရွယ်အိုများ စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရရှိခဲ့သည့် အောင်မြင်မှုများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိသက်ကြီးရွယ်အိုဆိုင်ရာ မူဝါဒ (ပေါ်လစီ) ရေးဆွဲရာတွင် အမြန်ဆုံး ပေါ်ပေါက်နိုင်ရေး အတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

      ကိုးရီးယားသမ္မတနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါဖိုရမ်သို့ အာရှ-ဥရောပ(၂၉)နိုင်ငံမှ ကိုယ်စားလှယ် (၂၁၉)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter