ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အခြေခံ စက်ချုပ်သင်တန်းများ ဖွင့်လှစ်မှု သတင်း

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ၂၅-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့သို့ ရောက်ရှိပြီး သာသနသောဘဏိကာရုံကျောင်း၌ ပြုလုပ်သော ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ‌ပြောကြားခဲ့ပါသည်။

၂။ ပြည်ထောင်စုဝန်ကြီးမှ အမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များ၊ အိမ်တွင်းမှုသက်မွေးပညာရပ်များ တတ်မြောက်ပြီး မိသားစုဝင်ငွေကို တဖက်တလမ်းမှ ရှာဖွေနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေရန်၊ လူကုန်ကူးမှုကိစ္စရပ်များ မဖြစ် ပေါ်စေရေးအတွက် အိမ်တွင်းမှုသက်မွေးသင်တန်းများကို သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုပုံစံ (၂)မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးသည်များအား ဂရုတစိုက် သင်ယူကြစေလိုကြောင်း၊ အဆင့်မြင့်သင်တန်းကိုလည်း ထပ်မံဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်ထောက်ကူပစ္စည်းများအား ကြည့်ရှု့ကာ သင်တန်းတက်ရောက်လျှက်ရှိသည့် သင်တန်းသူ(၇၅)ဦးအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

၃။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံခါးမြို့နယ်၊ စည်ပင်သာယာရေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် မိမိတို့အစိုးရအဖွဲ့သည် ပြည်သူ့အစိုးရအဖွဲ့ဖြစ်ပါကြောင်း၊ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် အစိုးရ၊ ပြည်သူနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်သူများ၏ ဆင်ခြေတုံတရားသည် အရေးကြီး ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျှက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လူမှုရေးကိစ္စရပ်များ၊ သဘာဝဘေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၂၄ နာရီ ဖွင့်လှစ် ထားရှိသည့် Hotline တယ်လီဖုန်းအမှတ် ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇ တို့သို့ ဆက်သွယ်ဆောင်ရွက် နိုင်ပါရန် အသိပေးပြောကြားခဲ့ပါသည်။

၄။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး ကျောင်းတာဝန်ခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များကို ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးခဲ့ပါသည်။

၅။ ယင်းနောက် ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့သို့ ရောက်ရှိပြီး ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားကာ ဒေသခံပြည်သူများ၏ မေးမြန်းချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ဝန်ကြီးဌာနအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် အခြေခံစက်ချုပ်သင်တန်း (၂၂)ကြိမ် ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter