လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသနည်းပညာ အသုံးချဆောင်ရွက်နိုင်ရေး အကြံပြုအစည်းအ‌ဝေး ကျင်းပ

နေပြည်တော်၊ ဇွန်လ(၂၇) -

      သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသနည်းပညာကို ပိုမိုအသုံးချ ဆောင်ရွက်နိုင်စေရန်၊ ဌာနအဖွဲ့အစည်း အသီးသီးအနေဖြင်‌့ အာကာသနည်းပညာ အသုံးပြု၍ သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများတွင် ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့အခြေစိုက် United Nations Platform for Space-based Information for Disaster Management and Emergency Response(UN-SPIDER)တို့ပူးပေါင်း၍ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာကာသနည်းပညာ အသုံးချ ဆောင်ရွက်နိုင်ရေး အကြံပြုအစည်းအ‌ဝေးကို ယနေ့နံနက်(၀၉း၃၀)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UN-SPIDER တို့ယခင်ကပင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း၊ ယနေ့အချိန်ကာလတွင် နည်းပညာနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများ နေ့စဉ်နှင့်အမျှ တိုးတက် ဖြစ်ထွန်းလျက်ရှိသလို တစ်ဖက်တွင်လည်း ဆုံးရှုံးမှုများသည့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလျက် ရှိနေကြောင်း၊ မိမိတို့အနေဖြင့် နည်းပညာတိုးတက်မှုကို အသုံးချပြီး သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုများ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် National Spatial Data Infrastructure(NSDI) စီမံကိန်း၊ One Map Myanmar Project တို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းအဆင့်တိုင်းတွင် ဂြိုဟ်တုပုံရိပ်သုံးနည်းပညာ (Remote Sensing)နှင့် ပထဝီဝင်သတင်းအချက်အလက်စနစ် (Geographic Information System - GIS) တို့ကို ပေါင်းစပ်အသုံးချ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ပုံမှန်အခြေအနေတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ လေ့လာဆန်းစစ်မှုများ မိုးလေဝသဆိုင်ရာ ထူးခြားသတင်းအချက်အလက် စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်ပြီး အရေးပေါ်အခြေအနေတွင် သတင်းအချက်အလက်များ အမြန်ဆုံးစုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကာ ဆုံးဖြတ်ချက်ချမှတ်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EOC)ကို ဖွင့်လှစ်ထားရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆန်ဒိုင်းမူဘောင် လုပ်ငန်းစဉ်(၅)ရပ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကိုလည်း လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး အတွက် နည်းပညာများတိုးတက် အသုံးချနိုင်ရေး၊ ချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းလာစေရေးနှင့် ရှိနှင့်ပြီးသား စွမ်းဆောင်ရည်များကို ပိုမိုတိုးတက်ကောင်းမွန်လာစေရေး ပိုမိုပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

      အစည်းအ‌ဝေးသို့ UN-SPIDER, UNISDR, UN-Habitat, ICIMOD, ADPC, Digital Globe နှင့် NDRCC မှ တာဝန်ရှိသူများ၊ သဘာဝဘေးစီမံ ခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း(၁၄)ခုမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းနှင့် "Training on Landslide Hazard and Damage Assessment" (၄)ရက်ကြာသင်တန်းကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter