မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေး တိုင်းဒေသကြီး ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ ဇွန်လ (၃၀) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁၀၀)စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်နေသော လူငယ်မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်အရ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လုပ်ငန်းဖြစ်မြောက်ရေး လူငယ်ညှိနှိုင်းရေးမှူးများ၊ မြန်မာလူငယ်ဖိုရမ် လုပ်ငန်းအဖွဲ့ဝင်များ၊ UN Joint Team မှ တာဝန်ခံများ၊ ပြည်တွင်းအကြံပေးအဖွဲ့များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ၃၀-၆-၂၀၁၆ ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများအဖြစ် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လူငယ်များ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များ၊ အမြင်များအပေါ်အခြေခံ၍ မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူဝါဒရေးဆွဲရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ ဖွဲ့စည်း ထားရှိပါကြောင်း၊ ကော်မတီများတွင်  တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရေး ယခုလဒုတိယပတ်က မုံရွာမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲ တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များ အနေဖြင့် မူဝါဒရေးဆွဲရာတွင် လူငယ်များကိုယ်တိုင်  ပါဝင်ရေးဆွဲဖို့နဲ့ လူငယ်များအကြား ဖြစ်ပေါ်နေသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပြီး အရည်အသွေးပြည့်ဝသည့် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး အကြေအလည် ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ အနာဂါတ် မျိုးဆက်သစ်လူငယ်များအတွက် မြန်မာနိုင်ငံလူငယ်မူဝါဒ ပေါ်ထွန်းလာရေး တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှလည်း လူငယ်များ၏ ဆန္ဒအတိုင်းဆောင်ရွက်ရာတွင် ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးပေးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါသည်။

      တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ် လူငယ်ကိုယ်စားလှယ်များမှ (၃)လတာကာလ အတွင်း လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် အခက်အခဲများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UN Joint Team မှ ပံ့ပိုးကူညီဆောင်ရွက်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

FacebookTwitter