လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Nippon Foundation နှင့် UNESCO အဖွဲ့တို့ပူးပေါင်း၍ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဇူလိုင်လ(၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ရက်၁၀၀စီမံကိန်းတွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၆-၂၀၂၅)ကို အကောင်အထည် ဖော်လျက်ရှိရာ မသန်စွမ်းသူများအတွက် အထူးစောင့်ရှောက်မှု သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

      ဇူလိုင်လ ၂၁ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Nippon Foundation အဖွဲ့အစည်းမှ Executive Director ဖြစ်သူ Mr. Shuichi Ohno နှင့် UNESCO အဖွဲ့အစည်းမှ Director ဖြစ်သူ Dr. Indrajit Banerjee တို့ဦးဆောင်သောအဖွဲ့မှ ဝန်ကြီးဌာန၏ မေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ မသန်စွမ်းသူများအား ကွန်ပျူတာ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာသင်တန်းများ သင်ကြားပေးနိုင်မည့် Training Center of Excellence ကို ရန်ကုန်မြို့၌ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ သင်တန်းပြီးဆုံးပါက မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ မိမိကိုယ်တိုင် ရပ်တည်နိုင်ရေးအတွက် UNESCO, Nippon Foundation နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

FacebookTwitter