ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်ခွင့်နှင့် ပါဝင်ခွင့်သည် ကလေးတိုင်း၏ ရပိုင်ခွင့်ဖြစ်

နေပြည်တော်၊ ဇူလိုင်လ (၂၆) -

      ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်း အမျိုးသားအဆင့် ဆွေးနွေးပွဲကို ၂၆.၇.၂၀၁၆ရက်နေ့ (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ‌ပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်ဆိုင်ရာ ဗဟိုချက်ဌာနဖြစ်သည်နှင့် အညီ ရှေးဦးအရွယ် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိရာတွင် မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ရပ်ရွာအတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများအား ပညာရပ်ဆိုင်ရာသင်တန်းများ၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးအပ်ခြင်း၊ ရပ်ရွာအတွင်း အိမ်အ‌ခြေပြုမိခင်ဝိုင်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ‌ပြောင်းလဲတိုးတက်လာသော အတွေးအခေါ်နည်းစနစ်များနှင့်အညီ ကလေးများဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးမှန်ကန်သော နည်းလမ်း များဖြင့် ပြုစုပျိုးထောင်နိုင်ရန် မွေးစမှ(၃)နှစ်အရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး လမ်းညွှန်ဥပဒေ၊ နည်းဥပဒေများနှင့်မူဝါဒများကိုလည်း ထုတ်ပြန်ထားရှိပြီး မူဝါဒပါ မဟာဗျူဟာလုပ်ငန်းများအား အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေနည်းဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရာမှာ လည်း ‌ပြောင်းလဲကျင့်သုံးသင့်တာတွေ တွေ့ရှိရတဲ့အတွက် ပိုမိုထိရောက်အကျိုးရှိစေဖို့ အချိန်ယူပြင်ဆင်ဖို့ လည်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်ကာလမှ အသက်(၈)နှစ်ကာလအထိ ရှေးဦးအရွယ် ကလေးများအတွက် ပညာရေး၊ ကျန်းမာရေး၊ အဟာရမြှင့်တင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကာကွယ် စောင့်ရှောက်ရေးစသည့် ကဏ္ဍစုံပါဝင်ပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အစီအစဉ်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏မူဝါဒ၊ လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်း‌ပြောကြားခဲ့ပါသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများမှ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဗွီဒီယိုအားကြည့်ရှုပြီး ခင်းကျင်း ပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

      ဆက်လက်၍ နံနက်(၁၁း၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးရုံးမေခလာခန်းမ၌ Bank Austria မှ အကြီးတန်းအကြံပေးဖြစ်သူ ဦးထွန်းအောင်ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် သြစတြီးယားဘဏ်သည် အတိုးမဲ့ချေးငွေဖြင့် အ‌ခြေခံအဆောက်အဦများ တိုးတက် ဖွံ့ဖြိုးရေး၊ လူမှုရေးရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ Bank Austria အနေဖြင်‌့ အာဆီယံနိုင်ငံများတွင် ရေနှင့်ဆက်စပ်သော စီမံကိန်းများဆောင်ရွက်ခဲ့ပါကြောင်း၊ အတိုးမဲ့ချေးငွေမှာ ၂၄နှစ်သက်တမ်းဖြစ်ပြီး ဝန်ဆောင်ခ ၁%မှ လွဲ၍ အခြားအနှောင်အဖွဲ့မရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

FacebookTwitter