လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်၊ ဇူလိုင်လ (၃၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ ရင်းနှီးစွာတွေ့ဆုံ၍ ပြည်သူများ လူမှုရေးအခက်အခဲများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းရပ်များ၊ သဘာဝဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်မှုများအား ပြည်သူကရွေးချယ်သော ပြည်သူ့အစိုးရက စစ်မှန်သော ဒီမိုကရေစီလမ်းစဉ်ဖြင့် ချီတက်ရာဝယ် လွတ်လပ်လုံခြုံသော လူမှုအဖွဲ့အစည်း တရားမျှတပြီး ဥပဒေသက်ရောက်သော အုပ်ချုပ်ရေးစနစ်နှင့် ငြိမ်းချမ်းအေးချမ်းသာယာပြီး လုံခြုံစိတ်ချ ဖွံ့ဖြိုးတိုးတက်သော လူနေမှုဘ၀ ရရှိစေ‌ရေးအတွက် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟူသော ယုံကြည်ချက်များနှင့် ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အောက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၀၈း၀၀နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူ့အစိုးရအနေနှင့် ပေါ်ပေါက်လာပြီး စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်း‌ဒေသကြီး ပြည်နယ်အစိုးရများနှင့်ပူးပေါင်းပြီး ပြည်သူများအကျိုးရှိအောင် ဆောင်ရွက်နေကြောင်း၊ အဓိကကတော့ ပြည်သူအားလုံး လွတ်လပ်လုံခြုံသည့် လူမှုဘဝရရှိဖို့ဖြစ်ကြောင်း၊ လွတ်လပ်လုံခြုံသည့် လူမှုဘဝတိုးတက်ဖို့အတွက် တရားဥပဒေ အာဏာသက်ရောက်သည့် အုပ်ချုပ်မှုစနစ်သည် အရေးကြီးကြောင်း၊ လွတ်လပ်လုံခြုံတဲ့ လူမှုဘဝအတွက် ငြိမ်းချမ်းရေးအခန်းကဏ္ဍကလည်း အရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာအောင် ဦးတည်ဆောင်ရွက်နေကြောင်း၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ဖြစ်စေမည်‌့ လူမှုုဘဝအခက်အခဲများကို ဖြေရှင်းခြင်း နှင်‌့ သဘာဝဘေးအန္တရယ် ကာကွယ်ရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့် အသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ ဖောင်ဒေးရှင်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနအပေါ် ရင်းနှီးပွင့်လင်းစွာ ပူပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။

      ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားရာတွင် လူသားတွေရဲ့ဘဝကို မစာနာနိုင်ဘဲနှင့် နိုင်ငံရေးလောကထဲ ဘယ်လိုမှမရပ်တည်နိုင်ကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ကျော်လွှားနိုင်အောင် စနစ်တကျ စီမံခန့်ခွဲပေးမည်ကို ကြားရတဲ့အတွက် အလွန်ဝမ်းသာစရာကောင်းပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း CSR အနေဖြင့် အကောင်အထည်ဖော်ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ NGO/INGOများကလည်း စီမံချက်များ အကောင်အထည် ဖော်ရာမှာ ပြည်သူ့အတွက် ထိရောက်တဲ့ ကူညီမှုဖြစ်စေဖို့ ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်သော ခေတ်သို့ရောက်ပြီဖြစ်၍ အစိုးရ၊ ပြည်သူနှင့်လူမှုအဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့်အတူ လူမှုအကျိုးပြုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့် ပြောကြားသွားပါသည်။

      ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ‌ရေး ဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏ လုပ်ငန်းရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအ‌ဝေး တက်ရောက်လာကြသော လူမှုရေးအဖွဲ့စည်းများ၊ ဖောင်ဒေးရှင်းများမှ တာဝန်ခံကိုယ်စားလှယ်များက လူမှုရေးအသင်းအဖွဲ့ ဖောင်ဒေးရှင်းများ၏ လူမှုရေးဆိုင်ရာလုပ်ငန်းရပ်များ ဆောင်ရွက်နေမှုများအား အသီးသီးဆွေးနွေး တင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီးမှ ဖောင်ဒေးရှင်း၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းရေးကို ဆောင်ရွက်ရန် အတွက် ချမှတ်အကောင်အထည်ဖော်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      သဘာ၀ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဆိုင်ရာ သတင်းအချက်အလက်များကို KOBO Mobile Application ဖြင့်ကောက်ယူခြင်း ဆော့ဝဲလ်အား တက်ရောက်လာကြ‌သော အဖွဲ့စည်းများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးခဲ့ပါသည်။ အစည်းအ‌ဝေးသို့ အောက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများဖောင်ဒေးရှင်း (၁၆၄) ဖွဲ့မှ လူဦးရေ(၄၀၀) ကျော်တက်ရောက်ကြကြောင်း သတင်းရရှိသည်။

      ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာဖြစ်မြောက်‌ရေး ကော်မတီဝင်လူငယ်များ ၊ UNFPA/UNICEF/ UNVနှင့် UN Team အဖွဲ့ဝင်များ ၊ ဝန်ကြီးဌာနရှိ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး လူငယ်မူဝါဒ(မူကြမ်း) ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

FacebookTwitter