ရေဘေးသင့်ဒေသများသို့ ထောက်ပံ့ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း

မကွေးတိုင်းဒေသကြီး၊ သြဂုတ်လ (၂)ရက် -

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂.၈.၂၀၁၆) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ရေဝင်ရောက်သဖြင့် ရေလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်းထားရသော မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ဆန်၊ ငါးသေတ္တာ၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် ဆန်ဖိုးရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၂။ နံနက်ပိုင်းတွင် မင်းဘူးမြို့၊ မှန်ကင်းဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ မြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၇၈၄)စုမှ လူဦးရေ (၃၁၀၇) ဦးအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့ သော ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ ဆန်၊ ငါးသေတ္တာနှင့် ဆန်ဖိုးထောက်ပံ့ငွေ(၂၇၉၆၃၀၀ိ/) အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ကိုင်းတိုက်နယ်၊ ကံဆွယ်ကျေးရွာမူလတန်းလွန်ကျောင်းသို့ရောက်ရှိပြီး ရေဘေးသင့်အိမ်ထောင်စု(၈၂)စုမှ လူဦးရေ(၂၀၀)ဦးအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့သော ဆန်ဖိုးနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ (၄၄၃၈၀၀ိ/-)နှင့် မီးဖွားပြီးစ မိခင်နှင့်ကလေးအတွက် ထောက်ပံ့ငွေ (၂၀၀၀၀ိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၄။ ယင်းနောက် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်း-သံကိုင်းလမ်းမကြီးပေါ်တွင် ယာယီရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး အိမ်ထောင်စု(၂၈၅)စုမှ လူဦးရေ(၉၂၄)ဦးအတွက် ဝန်ကြီးဌာနမှထောက်ပံ့သော ဆန်ဖိုးနှင့် ငါးသေတ္တာဖိုး ထောက်ပံ့ငွေ (၁၉၁၉၇၀၀ိ/-) ၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးအား ထောက်ပံ့ပေးအပ်ကာ ရေလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်းပေးရေး ဆောင်ရွက်ပေးနေသော တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရေနစ်မြုပ်လျှက်ရှိသည့် သံကိုင်းကျေးရွာအား စက်လှေများဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။

၅။ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မင်းဘူးမြို့နယ်၊ အမှတ်(၃)၊ (၄)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများ သောက်သုံးရေရရှိရေး ဆောင်ရွက်နိုင်ရန် တာပေါ်လင်စများ၊ ရေသန့်ဆေးပြားများအား ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီးဝန်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်ကာ စာရင်းထပ်မံတိုးလာသည့် ရေဘေးသင့်ပြည်သူများအား ဆက်လက်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း Fedwell Company Lt.D မှ အာဟာရမှုန့်များအား လှူဒါန်းပေးအပ်ခဲ့ပါသည်။

၆။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး အသီးသီးတွင် လတ်တလောဖြစ်ပွားလျှက်ရှိသည့် ရေဘေးသင့်ဒေသများမှ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter