လူမှုကာကွယ်စောင့်ရှောက်ရေး - စာရွက်မှတ်တမ်းမှသည် ဒစ်ဂျစ်တယ်စနစ်ဆီသို့................စန်းစန်းအေး(ကျန်းမာရေးဘောဂဗေဒ)

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် “လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်‌ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်စေရေး” မူဝါဒနှင့်အညီပြည်သူလူထုအတွင်းထိရောက်သော လူမှုရေးပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုများနှင့်ဝန်ဆောင်မှုများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို စနစ်တစ်ခုတည်ဆောက်ပြီး‌ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၄ခုနှစ်ကတည်းက “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်”ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဥယျောဇဉ်တွင်လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားပါတယ်။ ၂၀၁၂ခုနှစ်မှာကျင်းပခဲ့တဲ့ အမျိုးသားလူမှုကာကွယ်စောင့်ရှောက်ရေးဖိုရမ်ဆွေးနွေးပွဲမှာလည်း နိုင်ငံတော်သမ္မတကြီးက “ ပြုပြင်ပြောင်းလဲမှုများ အလျင်အမြန်ဆောင်ရွက်စဉ် လူမှုကာကွယ်စောင့်ရှောက်ရေးကို အားဖြည့်ပေးခြင်းဖြင့်သာတူညီမျှမှုနှင့် သဟဇာတဖြစ်မှုထွန်းကားသော မြန်မာ့လူ့ဘောင်တစ်ရပ်ကို တစ်စုတစ်ပေါင်းတည်းတည်ဆောက်နိုင်မယ်လို့အခိုင်အမာယုံကြည်ပါကြောင်း” မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်မှာ အဓိကလုပ်ငန်း (Flag Ship Program) (၈) ရပ်ပါဝင်ပြီး အားလုံးအကျုံးဝင်စေသော ချဉ်းကပ်မှု (Universal approach )နှင့် ဆောင်ရွက်ရန်ရေးဆွဲထားရှိပါတယ်။ 
    လူမှုကာကွယ်စောင့်ရှောက်ရေး  အဓိကလုပ်ငန်း(၈)ရပ်မှာ-
(၁)    ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက် (၂) နှစ်အောက် ကလေးသူ ငယ်များကိုထောက်ပံ့ငွေပေးအပ်ခြင်း (ကလေးဘဝအစ ရက် (၁၀၀၀) အတွင်း အာဟာရပြည့်ဝစေရန်ထောက်ပံ့ခြင်း)၊
(၂)    အသက် (၃) နှစ်မှ (၁၅) နှစ်အထိ ကလေးသူငယ်များကိုထောက်ပံ့ခြင်း၊
(၃)    မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း၊
(၄)    ကျောင်းတွင်းအာဟာရကျွေးမွေးသော အစီအစဉ်များ ဆောင်ရွက်ခြင်း၊
(၅)    အများပြည်သူအလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊
(၆)     လူမှုရေးပင်စင်အစီအစဉ် ဆောင်ရွက်ခြင်း၊
(၇)    သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များအား ထောက်ပံ့ခြင်း၊
(၈)    ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်‌ဆောင်မှုတို့ဖြစ်ပါတယ်။
     မဟာဗျူဟာစီမံချက်ပါ အဓိကလုပ်ငန်းများကို အဆင့်အလိုက်အကောင်အထည်ဖော်သွားခြင်းဖြင့် ပြည်သူလူထုအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သာတူညီမျှဖြစ်ရေး၊ လူမှုသဟဇာတဖြစ်ရေးစတဲ့ အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုများ ရေရှည်မှာရရှိလာနိုင်မှာဖြစ်ပါတယ်။ ဖော်ပြပါ လုပ်ငန်း (၈) ရပ်အနက် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနက အမှတ်စဉ် (၁)၊(၆)၊(၇)နှင့် (၈)တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ကဏ္ဍ(၄)ရပ်အနက် လူမှုရေးပိုင်းဆိုင်ရာရင်းနှီးမြှပ်နှံခြင်းအတွက် ငွေကြေးထောက်ပံ့ခြင်းကဏ္ဍ (၂) ရပ်ဖြစ်သော အမှတ်စဉ် (၁)နှင့် (၆)၊ ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်‌ဆောင်မှုအဖြစ် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်တည်ထောင်ရေးကဏ္ဍတို့အတွက် စာရွက်မှတ်တမ်းများထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်း၊ လူပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များဖြစ်၍ လုံခြုံစွာထိန်းသိမ်းရန်လိုအပ်ခြင်း၊ သတင်းအချက်အလက်များခွဲခြမ်းစိတ်ဖြာ၍ မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များနှင့် တိကျသော ကိန်းဂဏန်းအချက်အလက်အပေါ်အခြေခံ၍ သုတေသနပြုခြင်းများကို ဆောင်ရွက်ရန် လည်းလိုအပ်လျက်ရှိပါတယ်။ လူမှုသတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (Social Management Information System-SMIS)ကို ၂၀၁၇ ခုနှစ် တွင် Microsoft Excelဖြင့်သာ ထည့်သွင်း၍ စီမံခန့်ခွဲမှုများဆောင်ရွက်ခဲ့ပါသည်။ စနစ်၏အစတွင် ငွေကြေးထောက်ပံ့မှုပေးခြင်းကဏ္ဍ (၂) ရပ်အတွက် အကျိုးခံစားခွင့်ရှိသူဦးရေမှာ (၅၀,၀၀၀) ဦးခန့်သာရှိသော်လည်း ၂၀၂၂ ခုနှစ်တွင်အကျိုးခံစားခွင့်ရှိသူဦးမှာ (၇၀၀,၀၀၀)နီးပါးခန့်ရှိလာပါ၍ SMIS Software ရေးဆွဲပြီး သတင်းအချက်အလက်များကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်လျက်ရှိပါတယ်။ ထိုနည်းတူစွာ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုတွင်လည်း ဖြစ်ရပ်အရေအတွက်များမှာ အစပိုင်းတွင် (၅၀၀) ဦးခန့်သာရှိရာမှ ၂၀၂၂ခုနှစ်တွင် (၅၀၀၀) ဦးကျော်အထိရှိလာပါ၍ SMIS စနစ်၏အောက်တွင် Case Mangement Information System – CMIS ကိုလည်း Softwareရေးဆွဲပြီး Digital စနစ်သို့ကူးပြောင်းရန်လိုအပ်လျက်ရှိပါတယ်။ သို့ပါ၍ တပ်မတော်သတင်းနည်းပညာဌာနက ပညာရှင်များ၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုဖြင့် SMIS Software ရေးသားခြင်းကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ရေးသားခဲ့ရာ ယခုအခါ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (CMIS)Softwareကို စမ်းသပ်အသုံးပြုနေပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပေးအပ်လျက်ရှိသော လူမှုရေးပင်စင်နှင့်တိုင်းဒေသကြီးနှင့်ပြည်နယ် (၇)ခုတို့တွင် ပေးအပ်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက် (၂) နှစ်‌အောက်ကလေးသူယ်များအား ထောက်ပံ့ပေးခြင်းအစီအစဉ် (၂) ရပ်အတွက်လည်း Software များကို ရေးဆွဲလျက်ရှိပါတယ်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင် တပ်မတော်သတင်းနည်းပညာဌာနပညာရှင်များနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တာဝန်ရှိသူတို့က အာရှနှင့်သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်နည်းပညာဆိုင်ရာအသင်းချုပ် (Asian Oceanian Computing Industry Organization -ASOCIO) က ASOCIO အဖွဲ့ဝင်နိုင်ငံများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းပညာအသုံးပြု ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း အကြောင်းကြားလာပါတယ်။ ASOCIOသည် ၂၀၁၄ ခုနှစ်တွင် Digital Government Award အပါအဝင် ဆု အမျိုးအစား (၃) မျိုးကိုသာပေးခဲ့သော်လည်း ၂၀၂၂ခုနှစ်တွင် ASOCIO  Digital Government Award အပါအဝင် ဆုအမျိုးအစား (၈) မျိုးကိုပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါခဲ့ပါတယ်။
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တပ်မတော်သတင်းနည်းပညာဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံအတွင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းပညာအသုံးပြု ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ဖြစ်သည့် “လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် - Case Management Information System-CMIS” ကိုပါဝင်ယှဉ်ပြိုင်ခဲ့ရာ ASOCIO Digital Government Award ကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင်ရရှိခဲ့ပါတယ်။
     CMIS ကို Software Platformအဖြစ် အသွင်ကူးပြောင်း ဆောင်ရွက်မှာဖြစ်တဲ့အတွက် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုအစီအစဉ်မှာ ကာကွယ်စောင့် ရှောက်ရန်လိုအပ်သောကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော က‌လေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အလွှဲသုံးစားပြုခြင်းခံရသူ ကလေးသူငယ်များ၊ ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးခံရသူ ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ဖြစ်ရပ်များအား ယခင်က စာရွက်မှတ်တမ်းသာ သိမ်းဆည်းရာမှာ ယခုအခါ Digital မှတ်တမ်းကိုပါ သိမ်းဆည်းပြီး Digital စနစ်သို့ တဖြည်းဖြည်း ကူးပြောင်းသွားမှာဖြစ်ပါတယ်။
    Digital  Platform ကိုပြောင်းလဲအသုံးပြုခြင်းဖြင့် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ပါ လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်နိုင်ပြီး ဖြစ်ရပ်များကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား လွှဲပြောင်းချိတ်ဆက်နိုင်မှာဖြစ်သည့်အပြင် ဖြစ်ရပ်အလိုက်မှတ်တမ်းတင်နိုင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ခြင်း၊ အချက်အလက်များကို စနစ်တကျခွဲခြမ်းစိတ်ဖြာနိုင်ပြီး အချက်အလက် (Data)မှ သတင်းအချက်အလက်(Information) သို့လည်းကောင်း၊ ယင်းမှတစ်ဆင့်မူဝါဒအဆိုပြုချက် (Policy input) များအထိပေးဆောင်နိုင်ပြီး ပြည်သူလူထုအတွင်း လူမှုဝန်ဆောင်မှုများကို ထိရောက်စွာဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများရရှိလာမှာဖြစ်ပါကြောင်း စာရွက်မှတ်တမ်းမှ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းမှု milestone ကိုမှတ်တမ်းတင်အပ်ပါတယ်။