ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ကို သီးခြားစီ လက်ခံတွေ့ဆုံ

၁၅.၉.၂၀၁၇၊ နေပြည်တော်

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၄-၉-၂၀၁၇)ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံ သံအမတ်ကြီး H.E Mr. Tateshi Higuchi အားလည်းကောင်း၊ (၁၅-၉-၂၀၁၇) ရက်နေ့ တွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri အားလည်းကောင်း အဆိုပါ ၀န်ကြီး ရုံး၊ မေခလာခန်းမတွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ဂျပန်နိုင်ငံသံအမတ်ကြီးက ရခိုင်ပြည်နယ် ဆင်းရဲမှုလျော့နည်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီများ၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို နှစ်နိုင်ငံချင်း တိုက်ရိုက်လှူဒါန်းခဲ့သလို နိုင်ငံတကာ အဖွဲ့အစည်းများမှ တစ်ဆင့်ကူညီပေးခဲ့ ပါကြောင်း၊ မောင်တောဒေသတွင် သြဂုတ်(၂၅)ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖြစ်စဉ် များကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှု၊ ဒဏ်ရာရရှိမှုများအတွက် ဂျပန်နိုင်ငံအနေဖြင့် အကြမ်းဖက်သမားများအပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချပါကြောင်း၊ လုံခြုံရေးပြန်လည်ရရှိရေးက အရေးကြီး ဆုံးဖြစ်ပြီး လုံခြုံရေးအတွက် တာဝန်ရှိဌာနအဖွဲ့အစည်းများ၏ အားထုတ်ဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ဖို့ မျှော်လင့်ပါကြောင်း၊ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်သည့် အကူအညီများ ပေးလိုပါကြောင်းနှင့် ရခိုင်ပြည်နယ်အကြံ ပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်အတွက် ဂျပန်နိုင်ငံ အစိုးရက ကူညီဆောင်ရွက်ပေးလိုပါကြောင်း ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက အစိုးသစ်တာဝန်ရယူပြီးမကြာမီ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အကောင်အထည်ဖေါ်ရေးအတွက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ဗဟိုကော်မတီ နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီ(၄)ရပ် ဖွဲ့စည်းခဲ့ပြီး မိမိအနေဖြင့် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ ကာလရှည်ကြာဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းဆောင်ရွက်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုလည်းကောင်း၊ ၂၀၁၆ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်းကောင်း ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတင်ပြပြီးသည့် နောက်နေ့မနက် သြဂုတ်(၂၅)ရက် နံနက်ပိုင်းတွင် ရဲစခန်း(၃၀)နေရာခန့် အကြမ်းဖက် တိုက်ခိုက်ခံရပါကြောင်း၊အဓိကထိခိုက်သူများမှာ လူနည်းစုဖြစ်သည့် တိုင်းရင်းသား လူနည်းစု များဖြစ်ပါကြောင်း၊ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံ တကာစံနှုန်းများကိုလည်းလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရ်ုနှင့် မြန်မာ နယ်စပ်ခြံစည်းရိုးကာနိုင်ရန် လည်းအရေးကြီးပါကြောင်း၊ တိုင်းရင်းသားလူနည်းစုများမှာ ၄င်းတို့၏ မြို့ရွာများတွင်မနေရဲသဖြင့် စစ်တွေနှင့်အခြားမြို့ကြီးများသို့ ရွှေ့ပြောင်းပြီးယာယီ စုရပ်များတွင် ရောက်ရှိနေ ပါကြောင်း၊ သြဂုတ်(၂၅)ရက်နေ့ဖြစ်စဉ် မတိုင်မီ သြဂုတ်လ (၃) ရက်နေ့တွင် မြိုလူမျိုးစုအချို့ အသတ်ခံရပါကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ၄င်းရွာများအတွက် အစိုးရကရိက္ခာ(၂)လစာပေးပို့ ထားကြောင်း၊ သြဂုတ်(၂၅)ရက်အပြီး ရေလမ်း၊ ကုန်းလမ်း အဆင်မပြေသဖြင့် အရပ်ရဟတ် ယာဉ်ဖြင့် အကြမ်းဖက်ခံရသည့်ဒေသများသို့ မိမိကိုယ်တိုင် သွားရောက်၍ ဘေးသင့်ပြည်သူ တို့နှင့်တွေ့ဆုံပြီးလိုအပ်သည်များ စတင်ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ကူညီထောက်ပံ့မှုများကို ဘေးဒုက္ခရောက်သူများအားလုံးခံစားရရှိနိုင်စေရန် လူသားချင်းစာနာကူညီမှု အကူအညီပေးရေး ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) ဖြင့်ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည် ဖေါ်ရေးအတွက် ကော်မတီ ဖွဲ့စည်းပြီးဖြစ်ရာ မြေပြင်အခြေအနေကို သေချာစိစစ်၍လက်တွေ့ အကျိုးရှိမည့်ကိစ္စများကို အရင်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမှန်တရား ဖြစ်အောင်ဆောင်ရွက် မည်ဖြစ်ပြီး အကောင်အထည်ဖေါ်မှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

(၁၅-၉-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Vikram Misri နှင့် တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီးက အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာနိုင်ငံဖြစ်ပါကြောင်း၊ မောင်တောဒေသ၌ အကြမ်းဖက် တိုက်ခိုက် မှုများ ဖြစ်ပွားပြီးပြီးချင်း အကြမ်းဖက်မှုအပေါ်ရှုံ့ချသည့် ပထမဆုံးသော နိုင်ငံဖြစ်ပါကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါကြောင်း၊ ဆက်လက်ရပ်တည်သွားမည်လည်းဖြစ်ပါကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် မောင်တောဖြစ်စဉ် နှင့်ပတ်သက်၍ အကြောင်းအရာ(၃)ခုရှိသည်ဟု နားလည်ပါကြောင်း ပထမအချက်အနေဖြင့် လုံခြုံရေးကိစ္စရပ်ဖြစ်ပါကြောင်း၊လုံခြုံရေးကိစ္စနှင့်ပတ်သက်၍မြန်မာနိုင်ငံအနေဖြင့်မိမိနိုင်ငံမိမိကာကွယ်ခွင့်ရှိသည်ကိုအပြည့်အဝနားလည်ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်ဖြစ်ပါကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ကူညီပံ့ပိုးပေးလိုပါကြောင်း၊ မည်သည့်အကြောင်းအရာများ၌ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာအစိုးရ၏ အ‌ခြေခံမူကို လိုက်နာဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ တတိယအကြောင်းအရာမှာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်ဖြစ်ပါကြောင်း၊ ယင်းကိစ္စရပ်နှင့် ပတ်သက်၍ရခိုင်ပြည်နယ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ပူးပေါင်း ကူညီဆောင်ရွက်လိုပါကြောင်း၊ ယခင်ကလည်း ရခိုင် ပြည်နယ်အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ခဲ့သည်များရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးကအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ချစ်ကြည်ရေးခရီးစဉ်လာ ရောက်လည်ပတ်ခဲ့သည့်အတွက်နှင့် မောင်တောဒေသဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ အနေဖြင့် မိတ်ဆွေကောင်းပီသစွာ ရပ်တည်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ခွဲခြားမှုမရှိဘဲ လိုအပ်သည့်သူများအား အကူအညီ ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာမှ အကူအညီများကိုလည်းလက်ခံလျက်ရှိပါ ကြောင်း၊ အိန္ဒိယနိုင်ငံ နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် ကော်မတီဖွဲ့စည်းပေးထားပြီး စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အကြံ ပြုချက်များကို မြေပြင်ပကတိအခြေအနေများနှင့် ချင့်ချိန်၍အကျိုးရှိမည့် ကိစ္စရပ်များကို အကောင်အထည်ဖော်ေ ဆာင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များနှင့် ​ရေရှည်ဖွံ့ဖြိုးတက်ရေး ကိစ္စရပ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်ပူးပေါင်းပြီး အကောင်အထည်ဖော် ​ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ​ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter