UEHRD စီမံကိန်းလုပ်ဆောင်ချက်များကို ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ကြောင်းနှင့် လူမှုအဖွဲ့အစည်းများ၏ ကဏ္ဍကလည်း အရေးပါကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

ရခိုင်ပြည်နယ်၊စစ်တွေ၊၂၀၁၇၊အောက်တိုဘာ၃၀

       UEHRD စီမံကိန်းနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၊လူငယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် (၂၈-၁၀-၂၀၁၇) ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက UEHRD ၏ အကောင်အထည်ဖော်မှုလုပ်ငန်းများတွင် ရခိုင်ပြည်သူပြည်သားများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရာတွင်လည်း ပြည်သူများ အမှန် တကယ် အကျိုးရှိပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီမှုရှိသော လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာသူများတွင် လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ လူထု အခြေပြုအဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင်များ စသည့် ကဏ္ဍပေါင်း စုံမှ ပြည်သူများပါဝင်ကြသဖြင့် UEHRD ၏ ရည်ရွယ်ချက်အတိုင်း တစ်နိုင်ငံလုံးမှ ပြည်သူလူထု နှင့်အတူ ညီညွတ်စွာလက်တွဲဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

          တက်ရောက်လာကြသည့် ပြည်သူများကလည်း UEHRD နှင့် ပတ်သက်၍ မရှင်းလင်းသည့် အချက်များ၊ အကောင်အထည်ဖော်ရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များ၊ ပြန်လည် နေရာချထားရေးဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်နှင့်ဒေသဆိုင်ရာအဆင့်တို့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးရေးနှင့် လုံခြုံစိတ်ချရမှုအတွက် အထူးအလေးပြု ဆောင်ရွက်သင့်ပါကြောင်းဖြင့် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် အနေဖြင့် ဒေသလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုအင်အားဖြင့် အောင်မြင်မှုရရှိအောင် ကြိုးပမ်း ဆောင်ရွက်ကြစေ လိုပါကြောင်း၊ အစိုးရအဖွဲ့သစ်အနေဖြင့် ရခိုင်ဒေသကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ယနေ့ပြည်သူများ၏ တင်ပြချက်များကို အလေးထားဆောင်ရွက်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ လူမှုအဖွဲ့အစည်း(၁၅)ဖွဲ့မှ ပြည်သူများနှင့် လူငယ်  ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter