ဘေးအန္တရာယ်များကိုကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေး မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၃၁

          မြန်မာသဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့ (Myamar Consortium for Capacity Development on Disaster Management-MCCDDM)၏ လုပ်ငန်းဆောင်ရွက်မှု ပြီးမြောက်ခြင်းအခမ်းအနားကို (၃၀.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုံရှိ Horizon Lake View Hotel တွင်  ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်‌ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်ပြီး ပိုမို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်တခု ဖြစ်ပေါ်လာစေရေး မူဝါဒချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန် နိုင်စွမ်းရှိသည့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများ၊နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်သူများ၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် မူဝါဒချမှတ်ပြီးဖြစ်ရာ ထိုမူဝါဒကို အကောင်အထည်ဖော်ရေး အတွက် ဥပဒေ၊နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ရာတွင် ကြီးကြပ် ဆောင်ရွက်ရန် ဒုတိယသမ္မတ(၂) ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်သော အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် ယင်းကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း၊ ထို့အပြင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်ဖြစ်သည့် မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးလုပ်ငန်းစီမံချက် (Myanmar Actinon Plan on Disaster Risk Reduction-MAPDRR) ကိုလည်း မိတ်ဆက်ဖြန့်ဝေပြီးဖြစ်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်သူများ၏ စွမ်းဆောင်ရည်မြင့်မားရေးသည် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း ချမှတ် ထားရှိသည့်မူဝါဒနှင့်အညီ စွမ်းဆောင်ရည်မြင့်မားပြီး ပြည်သူတို့၏ လိုအပ်ချက်များကို မဆိုင်းမတွ တုံ့ပြန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့ ဆောင်ရွက် ချက်များသည် ကမ္ဘာ့နိုင်ငံများက သဘောတူထားရှိသည့် ဆန်ဒိုင်းမူဘောင်၊ ပဲရစ်ကတိကဝတ် များနှင့် ကိုက်ညီမှုရှိပါကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲနေသူများ စွမ်းဆောင်ရည်မြင့်မားစေရေး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ဖွင့်လှစ်ထားရှိပါကြောင်း၊ သင်တန်းကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး နည်းပညာနှင့်ငွေကြေး အကူအညီပံ့ပိုးပေးပါသော USAID၊ UN-HABITAT နှင့် အခြားပူးပေါင်းပါဝင် ဆောင်ရွက်ကြသော အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် စ်ီမံခန့်ခွဲမှုအပိုင်းတွင် လူကြောင့်ဖြစ်သော ဘေးများနှင့်ပတ်သက်ပြီး ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြား ခဲ့ပါသည်။

          ယင်းနောက် UN-Habitat မှ Country Programme Manager ဖြစ်သူ Mr. Bijay Kamarcharya က  ကျေးဇူးတင်စကားပြောကြားပြီး MCCDDM ၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ဗွီဒီယိုအား ပြသပါသည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် စာအုပ်စာတမ်း များအား လွှဲပြောင်းပေးအပ်ရာ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က လက်ခံရယူပါသည်။

          (၃၁.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် USAID အဖွဲ့မှ Regional Advisor for East Asia and Pacific Resettlement ဖြစ်သူ Mr. Brian Heidel နှင့်အဖွဲ့အား အဆိုပါဟိုတယ်ရှိ သဇင်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရသည့်အတွက်များစွာ ၀မ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား အလေးထားဆောင်ရွက် နေသည်ကိုသိရှိပါကြောင်း၊ မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) လုပ်ငန်းစီမံကိန်းများမှ ဦးစားပေးကဏ္ဍများ ဖေါ်ထုတ်ပြီး ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများ ရှာဖွေ၍ ၀န်ကြီးဌာန၏လုပ်ငန်းများစွာတွင် ပါဝင်ကူညီခွင့်ရရှိပြီး ရှေ့ဆက်လက်တွဲဆောင်ရွက် သွားရန်မျှော်လင့်ပါကြောင်းပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ယခုလိုကူညီမှုများအတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရည်အသွေးမြင့်မားရေးသင်တန်း များနှင့်အခြားသော ကူညီထောက်ပံ့ရေးကိစ္စများ၊ ၀န်ကြီးဌာနအနေဖြင့် မူဝါဒအသစ်များ ချမှတ်ပြီး၊ စနစ်ကျ၍ထိရောက်မှုရှိသော ဘေးအန္တရာယ်စီမံခန့်ခွဲမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက် နေမှုများ၊ သဘာဝဘေးအန္တရာယ်သာမက လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များတွင် ထိခိုက် ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်လုံခြုံစိတ်ချရသော နေထိုင်မှုပုံစံများရရှိနိုင်စေရန် ဆောင်ရွက်နေမှုများ၊ ၀န်ကြီးဌာန၏လုပ်ငန်းများအား အထောက်အကူဖြစ်စေရေးအတွက် သတင်း အချက်အလက် သိုလှောင်သိမ်းဆည်းစီမံခန့်ခွဲမှုစနစ်များတွင် ပိုမိုကူညီထောက်ပံ့ ပေးနိုင်ရေး၊ အရေးပေါ်စီမံခန့်ခွဲရေးဗဟိုဌာန (Emergercy Operation Centre) ရှိ လုပ်ငန်းများအတွက် လိုအပ် သော နည်းပညာနှင့် အထောက်အပံ့များ ကူညီပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter