UEHRD ၏ တတိယ အကြိမ်စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်အတွက် လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်ခြင်း

နေပြည်တော်၊၂၀၁၇၊ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားမှုအကူအညီအထောက်အပံ့ပေးရေး ၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကို၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ  UEHRD ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် ပထမအကြိမ်ကို  (၅-၁၁-၂၀၁၇)နေ့မှ (၂၄-၁၁-၂၀၁၇)နေ့အထိလည်းကောင်း ၊ ဒုတိယအကြိမ်ကို (၂၄-၁၁-၂၀၁၇)နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိ လည်းကောင်း ဆောင်ရွက်ခဲ့ပြီး (၁၆-၁၂-၂၀၁၇)ရက်နေ့မှ (၄-၁-၂၀၁၈)ရက်နေ့အထိဆောင်ရွက်မည့် တတိယအကြိမ်အစီအစဉ် တွင်ပါဝင်ကြမည့် လူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအား ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးဖွံ့ဖြိုတိုးတက်ရေးဌာန၌ (၁၇-၁၂-၂၀၁၇)နေ့ နံနက်ပိုင်းတွင်ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ဒုတိယဥက္ကဌ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လွတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူး၊ သင်တန်းနည်းပြများနှင့် စေတနာ့ ၀န်ထမ်းလူငယ်သင်တန်းသား(၄၅)ဦး တက်ရောက်ခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်ဖြစ်စဉ်များစတင်ဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်အထိ အစိုးရမှ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို ဘက်စုံထောင့်စုံမှနေပြီးဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ထောက်ပံ့ပေးရာတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ ထိခိုက်လွယ်သောအုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးမှုများပါ ဆောင်ရွက် ပေးမှုရှိပါကြောင်း၊ UEHRDစေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်သည် လူငယ်များ၏ရည်ရွယ်ချက် ကောင်း၊ လုပ်ငန်းစဉ်ကောင်းများကို   အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာပြည်တစ်ဝှမ်းရှိ လူငယ်များ၏အင်အားကို အခြေပြုပြီးဖြစ်ပေါ်လာသည့် စီမံကိန်းတစ်ခု လည်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် ရခိုင်ပြည်နယ်အစိုးရနှင့်အတူ ပြည်သူများ ပူးပေါင်းပြီး ဒေသ၏လိုအပ်ချက်၊ ခံစားချက်များကို ဖော်ထုတ်ရန် ဆောင်ရွက်ရသည့်အတွက် တစ်နိုင်ငံလုံးပါဝင်နိုင်ရန် ပြည်ထောင်စုစီမံကိန်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ လူငယ်အစီအစဉ်သည် ရခိုင်ပြည်နယ်တွင်  လူသားချင်းစာနာထောက်ထားမှု ကူညီပံ့ပိုးမှုလုပ်ငန်း များ၊ စာရင်းကောက်ယူမှုလုပ်ငန်းများကို ရက်ပေါင်း(၂၀)ကြာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊လူငယ်များသည် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်သောအနာဂတ်ကို ပုံဖော်ပေးမည့်သူများဖြစ်ခြင်း ကြောင့်  ယခုခရီးစဉ်တွင် အတွေ့အကြုံကောင်းများကို ရှာဖွေဆည်းပူးသွားကြရန် လိုအပ်ပါကြောင်း ၊ခရီးစဉ်အတွင်း လူငယ်အချင်းချင်း တစ်ဦးကိုတစ်ဦး မောင်ရင်းနှမသဖွယ် ချစ်ခင်စည်းလုံးစွာဖြင့် ဝိုင်းဝန်းစောင့်ရှောက်ကူညီကြရန်နှင့်  အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် စုပေါင်းဆောင်ရွက်တတ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသွားပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးဇော်အေးမောင်က ဤလူငယ်အစီအစဉ်သည် လူငယ်များအတွက်  စွမ်းဆောင်ရည်မြင့်မားအောင်  လေ့ကျင့်ပျိုးထောင်ခြင်းဟု ယူဆ၍ ခံယူထားရှိရမည့် သဘောထားများနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေနွေးပြောကြားသွားပါကြောင်းသတင်းရရှိပါသည်။

 

 

FacebookTwitter