ရှေးဦးအရွယ် ကလေးသူငယ်များအတွက် မိခင်ဝိုင်းများဖွင့်လှစ်ခြင်းဖြင့် ရင်းနှီးမှုပြုရေး မိခင်များနှင့် ဆွေးနွေး

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၁၉

                နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တစ်ခု အပါအဝင်ဖြစ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနသည် ကလေး တစ်ဦးချင်းစီ၏ အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဥပဒေ၊နည်းဥပဒေများ၊ မူဝါဒများ၊ မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များ ချမှတ်လျက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။          ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်တာဝန်ရှိသူများနှင့်အတူ(၁၈.၁၂.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းတွင်မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျူတောဝကျေးရွာသို့ သွားရောက်ပြီး ရပ်ရွာ ပြည်သူလူထုနှင့်တွေ့ဆုံကာ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ ရပ်ရွာလူထုနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မွေးစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဖော်ဆောင်လျက် ရှိကြောင်း၊ ကလေးသူငယ်တိုင်း ကလေးသူငယ်အခွင့်အရေး (၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊အစောင့်ရှောက်ခံပိုင်ခွင့်နှင့်ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ကလေးတစ်ဦး၏ အရေးကြီးသော ပထမ ရက်တစ်ထောင်ကာလ ကြီးထွား ဖွံ့ဖြိုးမှုအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှမွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အရွယ် အထိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဖွံ့ဖြိုးမှုနည်းပါးသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ဝန်ရှိစမှ မွေးပြီး (၃)နှစ်အရွယ်အထိ ထိရောက်သော ပြုစုစောင့်ရှောက်ရေးသည်  အလွန်အရေးကြီးပါ ကြောင်း၊ အသက်အရွယ်အလိုက် နည်းလမ်းတကျ သင်ကြားပေးဖို့လိုကြောင်း၊ ကလေးသူငယ် များနှင့်ပတ်သက်၍ ဌာနပိုင်မူကြိုများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ ကျယ်ပြန့်စွာ ဖွင့်လှစ် နိုင်ရေး ကြိုးပမ်းလျက်ရှိသော်လည်း  ဖွင့်လှစ်နိုင်မှုမှာနည်းပါးနေသေးသဖြင့် မိခင်ဝိုင်းများ ဖွင့်လှစ် ပေးနိုင်ရေးအတွက် ယခုလို လာရောက်ရခြင်း ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် မိခင်ဝိုင်းများ ရေရှည်တံ့စေရေး မိဘများ ပြည်သူများက ဝိုင်းဝန်း ကြိုးပမ်းပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက မိခင် ဝိုင်းများသည် အသက် (၅)နှစ်အောက်ကလေးများ၏ ဖွံ့ဖြိုးမှုကို နည်းစနစ်ကျကျ ပျိုးထောင်နိုင် ရေးအတွက် မူကြိုကျောင်းလက်လှမ်းမမီသေးသောကလေးများအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း နှင့် မိခင်ဝိုင်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ရပ်ရွာလူထုကိုယ်စား ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

          ဆက်လက်၍ မိခင်ဝိုင်းများနှုင့်စပ်လျဉ်းပြီး ရပ်ရွာလူထုမှ သိရှိလိုသည်များ၊ ရပ်ရွာ၏ လိုအပ် ချက်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးဦးစိုးအောင်က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျူတောဝကျေးရွာ ရွာဦးကျောင်း ဆရာတော်အား ဖူးမြှော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရပ်ရွာလူထု နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကလေးများအား စားစရာနှင့်ကစားစရာအရုပ်များ ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

         

 

FacebookTwitter