ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၇.၆.၂၀၁၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး နှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၃/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားချထားရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ UEHRD ကော်မတီ ဒုတိယဥက္ကဌ (၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဥက္ကဌ (၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင် ၊ UEHRD ကော်မတီ စီမံခန့်ခွဲမှု အရာရှိချုပ် ဦးညီငြိမ်းအေး နှင့် ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခု အစည်းအဝေး သည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးကြသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို ထိထိရောက်ရောက် ပေးအပ်ရေး၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများရှိပါကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရေး လုပ်ငန်း များမှာလည်း စီမံကိန်း/စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရ မည်ဖြစ် ပါကြောင်း၊ UEHRD ကော်မတီ၏ ရန်ပုံငွေများအား သုံးစွဲဆောင်ရွက်ကြရသည့်  ဌာန/ အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များအနေဖြင့် ငွေကြေးသုံးစွဲမှုများကို စာရင်းစစ်ဆေးခံယူ လျက်ရှိပါကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတကာစာရင်းစစ်ဆေးရေးအဖွဲ့က စာရင်းစစ်ဆေး ခံနိုင်ရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းစဉ်များ သည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ကာလတိုလုပ်ငန်းများကိုလည်း အောင်မြင်ထိရောက်အောင်ဆောင်ရွက်နိုင်ရေးသည်လည်းအရေးကြီးပါကြောင်း၊ အာဆီယံ အနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှုများကို ဆောင်ရွက်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် နယ်ပယ်များဖော်ထုတ်ပေး ခဲ့ပါကြောင်း၊ အဆိုပါနယ်ပယ်များမှာ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး၊ သတင်းအချက်အလက်များဖြန့်ဝေရေးနှင့် အခြေခံပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များဆောင်ရွက်ရေးတို့တွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ UEHRD ကော်မတီအနေဖြင့် အာဆီယံနှင့် ပူးပေါင်းပြီးဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNHCRက အာဆီယံ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု များတွင်  ပံ့ပိုးကူညီနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ပေးသည့်အခါ လူမှုသဟဇာတဖြစ်ရေးနှင့် တရားဥပဒေစိုးမိုးရေး (Rule of Law)ကို အလေးထားဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ စိတ်ဓာတ်နှင့်ခံယူချက်များပြောင်းလဲရန်မှာ ၄င်းတို့ နေထိုင်ရာ ဒေသ၏ ဘာသာစကားတတ်မြောက်ခြင်း၊ ပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာမှု ရှိခြင်းတို့ အထူးလိုအပ်ပါကြောင်း၊ UEHRDကော်မတီ၏ အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း ကော်မတီဥက္ကဌနှင့် ပြည်သူများသိရှိနိုင်ရန် အတွက် အမြန်ဆုံးတင်ပြဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက်တွင် ဒုတိယဥက္ကဌ (၂)၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စု ဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

FacebookTwitter