မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ( UPR ) အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြား

သြဂုတ်၊ ၅၊ နေပြည်တော်

        မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ UPR အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal Hotel တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြု လုပ်ရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကားပြော ကြားခဲ့ပါသည်။             

        ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဘ၀တိုးတက်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး များနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိရာ ပြည်သူ ပြည်သားများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးမှုရရှိရန် လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများကို ဖေါ်ဆောင်နိုင်မည့် ဥပဒေများ ရှိရန်လိုအပ် ကြောင်း၊ ထိုဥပဒေများကို အကောင်အထည်ဖေါ်နိုင်ခြင်းသည် တရားဥပဒေစိုးမိုးခြင်းဖြစ် ကြောင်း၊ လူတစ်ဦးချင်းစီ၏ အခွင့်အရေးများလည်းရရှိလာမည်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီး ဌာနအသီးသီးသည် မိမိတို့ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းအလိုက် ဥပဒေများဖေါ်ဆောင်ခြင်းဖြင့် ပြည်သူများအခြေခံလူ့အခွင့်အရေးများ ခံစားရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး ဖေါ်ဆောင်မှုများကို UPR လုပ်ငန်းစဉ်ဖြင့် ကမ္ဘာကသိအောင်ဆောင်ရွက်ပေးနိုင်ရန် ပူးပေါင်းဆွေးနွေးကြမည်ဖြစ်ကြောင်း၊ UPR ဟုခေါ်သည့် Universal Periodic Review  လုပ်ငန်းစဉ်ကို ၂၀၀၆ ခုနှစ်တွင် အစပြုခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသော လူ့အခွင့်အရေးဆိုင်ရာများကို အစီရင်ခံစာ တင်သွင်းခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ်အစီရင်ခံစာအား ၂၀၁၁ ခုနှစ်တွင်လည်း ကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့တင်သွင်းခဲ့ကြောင်း၊ တတိယအကြိမ်အစီရင်ခံစာ ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် တင်သွင်းရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံပေါင်း(၉၃)နိုင်ငံမှ အကြံပြုတိုက် တွန်းချက်(၂၈၁)ချက်အနက် (၁၆၆)ချက်ကို မြန်မာနိုင်ငံက လက်ခံခဲ့ပြီး ကဏ္ဍ (၁၂)ရပ် ခွဲကာ လုပ်ငန်းကော်မတီ(၁၂)ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကျား/မတန်းတူညီတူရှိမှု မြှင့်တင်ရေးနှင့်ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်တို့တွင် အကြံပြုချက် ပေါင်း (၃၀)ကို အကောင်အထည်ဖေါ် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း၊ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာ(၃)ကြိမ်တင်သွင်းထားခဲ့ပြီး ပဉ္စမနှင့် ဆဌမအကြိမ်နိုင်ငံအဆင့် ပူးတွဲအစီရင်ခံစာတင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်၂၂/၂၀၁၉ ဖြင့်ပြဌာန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများအကြမ်းဖက်မှုအပေါ် တားဆီးကာကွယ်ရေး ဥပဒေကိုလည်း အကောင်အထည်ဖေါ်လျက်ရှိပြီး ပြည့်တန်ဆာ ဆိုင်ရာဥပဒေ(မူကြမ်း)ကို လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ(၁၈၈)ဦးဖြင့် မြို့နယ်များ အထိ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်နှင့်အမျိုးသမီးကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများသာမက သက်ကြီးရွယ်အို၊ မသန်စွမ်း အစရှိသော ကာကွယ်စောင့်ရှောက် ရန်လိုအပ်သည့်အုပ်စုများအတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း၊ One Stop Women Support Center (OSWSC) ကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုးမြို့နှင့် မော်လမြိုင်မြို့များတွင် ဖွင့်လှစ်ထားပြီး အကြမ်းဖက်ခံရသူ အမျိုးသမီး များအတွက် ကျန်းမာရေး၊ တရားရင်ဆိုင်နိုင်ရေး၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုရရှိရေးနှင့် နောက်ဆက်တွဲ ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃ -၂၀၂၂)ကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ(၄)ရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို လူမှုဝန်ထမ်းနည်းဖြင့် ဖြေရှင်းပေးရန် တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့အကူအညီ တောင်းခံ ခြင်းတို့အတွက်  Help Line ၀န်ဆောင်မှုအား(၃၀-၁၁-၂၀၁၆)ရက်နေ့မှစ၍ ၂၄နာရီဖွင့်လှစ် ထားရှိပြီး ၂၀၁၉ခုနှစ်၊ ဇူလိုင်လကုန်အထိ တိုင်ကြားသူပေါင်း (၁,၀၂၇)ဦး ရှိရာ သက်ဆိုင် ၀န်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများဖြင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ UPR ဆိုင်ရာအကြံပြုချက်များအပေါ် မိမိတို့လုပ်ငန်းကော်မတီ(၂)ရပ်၏ သက်ဆိုင်ရာဌာန အလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား အကြံပြုချက်များအလိုက် အကျဉ်းချုပ်အဖြစ် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင်  အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော မလေးရှားနှင့် သီရိလင်္ကာ နိုင်ငံကိုယ်စားလှယ်များက ၄င်းတို့၏ နိုင်ငံအလိုက်အကောင်အထည်ဖော် ဆောင်ရွက်မှု ဆိုင်ရာအတွေ့အကြုံများအား ရှင်းလင်းမျှဝေမည်ဖြစ်သည့်အတွက်များစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှရရှိလာသော အတွေ့အကြုံများအပေါ်အခြေခံ၍ မိမိနိုင်ငံ၏ တင်သွင်းမည့်အစီရင်ခံစာအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။                                     

        ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Cynthia Veliko နှင့် UNDP-Governance and Sustainable Peace မှ အဖွဲ့ခေါင်းဆောင် Mr.Joerg Stahlhult တို့က အသီးသီး အမှာစကားပြောကြားကြပြီး ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက UPR အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်မှုကို သုံးသပ်ဆွေးနွေးခြင်းနှင့် အကြံပြု တိုက်တွန်းချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter