မသန်စွမ်းသူများအတွက် နေပြည်တော်တွင် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကြည့်ရှု

နေပြည်တော်၊ ၂၆.၂.၂၀၂၀
    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့၌ မသန်စွမ်းသူများ အတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားသည့် အခြေအနေ များကို ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီ ဒုတိယ မြို့တော်ဝန်ဦးရဲမင်းဦး၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ရေပန်းဥယျာဉ်သို့ရောက်ရှိကြပြီး  မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာ အပန်းဖြေနိုင်ရန်အတွက် ဘီးတပ်ကုလားထိုင်သွားလာ နိုင်သည့်လမ်းများ၊ အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါ လျှောက်လမ်းများ၊ စတီးလက်ရမ်းများ တည်ဆောက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုကြပြီး မသန်စွမ်းသူများ ပိုမို အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများနှင့် မေးမြန်းညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်မြို့မဈေးသို့ သွားရောက်ကြ ပြီး ဈေးတန်းအပြင်လျှောက်လမ်းနှင့် အတွင်းလျှောက်လမ်း များတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာ အသုံးပြုနိုင်ရေးအတွက် ဘီးတပ်ကုလားထိုင်သွားလာနိုင်သည့် လမ်းများ၊ သန့်စင်ခန်းများ၊  အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါလျှောက်လမ်းများ၊ စတီးလက်ရမ်းများ တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို လှည့်လည် ကြည့်ရှုကြပြီး ဈေးသူ၊ ဈေးသားများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်း ကာ ပူးပေါင်းပါဝင်ပေးနိုင်ရေးအတွက် ညှိနှိုင်းပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့၌ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာ တည်ဆောက်ခြင်းကို  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ ဒုတိယသမ္မတ(၂)၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် နေပြည်တော်ကောင်စီတို့က ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter