COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များ၏ အတွေ့အကြုံ၊ အခက်အခဲများသိရှိနိုင်ရေး ဆွေးနွေး

ဇူလိုင် ၂ရက်၊ နေပြည်တော်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြပြီး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ် ခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၏ အတွေ့အကြုံ၊ အခက်အခဲများ၊ စိတ်ခံစားချက်များကို သိရှိနိုင်ရေး အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက COVID 19 ကာကွယ်၊ ထိန်းချုပ်၊  တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများပေးအပ်ခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ COVID-19 ကာလတစ်လျှောက်လုံးတွင် ပြည်သူ များမှ စေတနာ့ဝန်ထမ်းအလုပ်များကို မည်သူ၏ တိုက်တွန်းမှု မပါဘဲ မိမိအသိစိတ်ဖြင့် အားတက်သရော ပူးပေါင်းပါဝင်ခဲ့ကြသည်ကို တွေ့ရသဖြင့် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏အချိန်၊ လုပ်အားတို့ကို ပေးဆပ်ခဲ့ကြသူများကို နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုလိုသည့် အတွက် စာရင်းများကောက်ယူဆောင်ရွက်ခဲ့ပြီး သင်တန်းများပေးခြင်း၊ လိုအပ်သည့် ပံ့ပိုးမှု များနှင့် အသိအမှတ်ပြုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်ရှိနေခဲ့ကြသူများ ရှိပါကလည်း စာရင်းများပေးပို့စေလိုပါကြောင်း၊ ပြည်သူများနှင့်အတူ တိုင်းဒေသကြီး / ပြည်နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ တုံ့ပြန်ရေးကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနလုပ်ငန်းများကို အတူပူးပေါင်းကူညီဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းများကို ကိုယ်တိုင်ကိုယ်ကျ ရင်ထိုးတံဆိပ်များ၊ ဂုဏ်ပြုကဒ်များ ပေးအပ်လိုသော် လည်း အခြေအနေအရ တစ်ဦးချင်း မပေးအပ်နိုင်သဖြင့် သက်ဆိုင်ရာဒေသများရှိ တာဝန်ရှိသူ များထံ ရောက်အောင်သွားပြီး ပေးအပ်ဆောင်ရွက်လျက်ရှိပါကြောင်း။ ယင်းသို့ တစ်ဦးချင်း မတွေ့ဆုံနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများနှင့် Online တွေ့ဆုံဆွေးနွေး ခြင်းများ  ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များအနေဖြင့်  လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်လိုသည်များကို သိရှိလိုပါကြောင်း၊ ဝေးလံသည့် မိုင်းဆတ်၊ လင်းခေး၊ မောက်မယ်၊ မိုင်းယောင်း၊ မိုင်းပန်၊ တာချီလိတ် စသည့်ဒေသများမှ စေတနာ့ဝန်ထမ်းများနှင့် Online ဖြင့် ဆွေးနွေးခွင့်ရရှိခြင်းမှာ အားသာချက်ဖြစ်ပါကြောင်း ပြောကြားပါသည်။
    ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ မြို့နယ်များမှ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များက ၎င်းတို့လုပ်ငန်းဆောင်ရွက်နေမှုများတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ဂိတ်များတွင် နှာခေါင်းစည်းများ ဖြန့်ဝေပေးနိုင်ရေး လိုအပ်မှု၊ ကျောင်းဖွင့်ချိန်တွင် ကလေးသူငယ်များအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေး များလိုအပ်မှု၊ အသိပညာပေးစာစောင်နှင့်ပိုစတာများကို တိုင်းရင်းသားဘာသာစကားဖြင့် ဆောင်ရွက်ပေးစေလိုမှု၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ ထားရှိရာ Quarantine Centre အချို့အတွက် အစားအစာ၊ ရေနှင့် အိမ်သာ လိုအပ်မှု၊ အမျိုးသမီးများအတွက် တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးစေလိုမှု၊ ပိုးသတ်ဆေးဖြန်းပုံးများ ထောက်ပံ့             ပေးစေလိုမှု၊ မြို့ဝင်/ မြို့ထွက်ဂိတ်များတွင်တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်း များအတွက် အလေးထားဆောင်ရွက်ပေးစေလိုသည့် အချက်များကို ဆွေးနွေးတင်ပြခဲ့ ကြပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားရာတွင် ယနေ့ ဝေးလံသောဒေသများမှ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ COVID-19 ရောဂါ ကာလပြီးဆုံး ခြင်းမရှိသေးသည့်အတွက် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များအနေဖြင့် ပြည်သူ များအား ထိရောက်သော ပညာပေးမှုများ၊ ပံ့ပိုးကူညီမှုများကို ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အားလုံးက အသိရှိသလို သတိထားနေထိုင် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများ၏ လိုအပ်ချက် များကိုသိရှိပြီး တာဝန်ရှိသူအဆင့်ဆင့်နှင့် ညှိနှိုင်းပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

FacebookTwitter