လူမှုရေးပင်စင်ထောက်ပံ့မှု စတင်ခြင်းနေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘိုးဘွားအချို့ လက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်

နေပြည်တော်၊ ၁၅-၆-၂၀၁၇

        လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းစဉ် (၈)ရပ် ပါဝင်သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကို အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ရေးဆွဲ၍ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါသည်။

        လုပ်ငန်းစဉ်(၈)ရပ်အနက် (၁)ရပ်ဖြစ်သည့် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်ကို သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနှင့်အညီ အသက်အရွယ်အပိုင်းအခြား အလိုက် ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာ တစ်နိုင်ငံလုံးရှိ အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် လစဉ် ကျပ်(၁)သောင်းနှုန်း ထောက်ပံ့သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် ဧပြီ၊ မေ၊ ဇွန်လများအတွက် တစ်ဦးလျှင် ကျပ်(၃)သောင်း တိတိကို ဇွန်လ(၁၅)ရက်နေ့မှ (၃၀)ရက်နေ့ အတွင်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်သို့ သွားရောက်ပြီး ဦးဖေချစ်(၁၀၁)နှစ်၊ ဒေါ်ကြည်ကြည်(၁၀၀)နှစ် အပါအဝင် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား (၁၀)ဦးအတွက် တစ်ဦးလျှင်(၃)လစာ ထောက်ပံ့ငွေကို ဘိုးဘွားများ လက်ဝယ်သို့ အိမ်တိုင်ရာရောက် ရိုသေစွာ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

        တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အသက်(၉၀)နှစ်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ရပ်ကျေးဥက္ကဌ၊ ရပ်မိရပ်ဖနှင့် အခြေခံပညာ ကျောင်းဆရာမတို့ ပါဝင်သော (၃)ဦးပါအဖွဲ့မှ ကနဦး (၃)လစာ ထောက်ပံ့ငွေကို ဇွန်လ နောက်ဆုံးပတ်အတွင်း ဘိုးဘွားများ လက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်မည်ဖြစ်ပြီး ကျန်လများအတွက် (၃)လ (၁)ကြိမ် ထောက်ပံ့ပေး အပ်နိုင်ရေး စီစဉ်ထားရှိ သော်လည်း တစ်လတစ်ကြိမ် ထောက်ပံ့နိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်တွင် အသက် သက်မှတ်ချက်ကို လျော့ချဆောင်ရွက်သွားမည်  ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ရာတွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး အစီအစဉ်အဆင့်ဆင့်နှင့် နည်းပညာများတွင် နိုင်ငံတကာသက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ Help Age International ကလည်း ပူးပေါင်း ကူညီလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter