စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး၊ စက်တင်ဘာ ၂၇ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူမှုစောင့် ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ) ဆင့်ပွားသင်တန်း(၁၈/၂၀၁၄)သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ရုံးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးတင်အောင်ရီက သင်တန်းဆင်းအမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက သင်တန်းဆင်းလက်မှတ်များနှင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသားများအား ဆုများပေးအပ်သည်။

      အဆိုပါ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)ဆင့်ပွားသင်တန်းကို သင်တန်းသား ၁၂၀ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် လူမှုဝန်ထမ်း လုပ်ငန်းကြီး (၈)ရပ်၊ Child Lawနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်း များ၊ လူငယ်ထုနှင့်သက်ဆိုင်သော အလုပ်ရုံနှင့် အလုပ်သမားဥပဒေများ၊ စေတနာ့လူမှုဝန်ထမ်းအရာရှိ တာဝန် ဝတ္တရားများ၊ ကျောင်းသားလူငယ်အသိပညာပေး အစီအစဉ်များ၊ လူငယ်နှင့် ကင်းထောက်လုပ်ငန်းတာဝန်များ၊ လူငယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရေး အန္တရာယ်တားဆီးရေး၊ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးနှင့် ပြန်လည်ထူထောင်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စသည့် ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာဌာနများက သင်ကြားပို့ ချပေးခဲ့ကြောင်း သိရသည်။

FacebookTwitter